ပြီးခဲ့တဲ့နွေရာသီမှာ တိုက်စစ်မှူး အမ်ဘာပေ ထွက်ခွာသွားမှုက အသင်းကိုပြောင်းလဲသွားစေခဲ့တယ်လို့ ပီအက်စ်ဂျီ ဂိုးသမား ဒွန်နာရမ်မာက ပြောသွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲကို တက်ရောက်သွားနိုင်ခဲ့ ပြီးနောက်မှာ ဒွန်နာရမ်မာက အခုလို ပြောသွားခဲ့တာပါ။

ဦးစားပေးခံထားရတဲ့အမ်ဘာပေ ထွက်သွားတဲ့အတွက် အသင်းက ပိုပြီးတော့ စည်းလုံးညီညွတ်လာခဲ့သလို ပိုပြီးတော့ အသင်းတစ်သင်း ပီသလာခဲ့တယ်လို့ ဒွန်နာရမ်မာ က ပြောသွားခဲ့တာပါ။ ပီအက်စ်ဂျီအသင်းမှာ အမ်ဘာပေက လစာအမြင့်ဆုံး ကစားသမားဖြစ်ခဲ့သလို အခွင့်အရေး တွေလည်း ပိုရခဲ့ပေမယ့် ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်အသင်းကို ပြောင်းရွှေ့သွားခဲ့တာ ဖြစ်ပါတယ်။ အမ်ဘာပေ ထွက်ခွာသွားပြီးနောက် ပီအက်စ်ဂျီအသင်းက နည်းပြအင်းနရစ် ပုံစံချခဲ့တဲ့အတိုင်း ပုံဖော် လာနိုင်ခဲ့သလို အသင်းက အခုရာသီမှာ ဆုဖလား ၃ လုံးမျှော်လင့်ချက် ရှိနေတာဖြစ်ပါတယ်။

ပီအက်စ်ဂျီအသင်း ဟာ ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို ရထားပြီးဖြစ်သလို ပြင်သစ်ဖလားနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတွေမှာလည်း ဗိုလ်လုပွဲအဆင့်ကို ရောက်နေတာ ဖြစ်ပါတယ်။ပီအက်စ်ဂျီအသင်းဟာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဖြစ် မေလ ၃၁ ရက်မှာ အင်တာမီလန်အသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ဂိုးသမား ဒွန်နာရမ်မာကတော့ ယူရို ၂၀၂၀ ပြိုင်ပွဲမှာ အီတလီအသင်းနဲ့အတူ ချန်ပီယံဖြစ်ခဲ့ပြီးနောက် ကြီးမားတဲ့အောင်မြင်မှုအဖြစ် ပီအက်စ်ဂျီအသင်းနဲ့ ချန်ပီယံလိဂ် ဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်နေပါတယ်။