ကလပ်ဘောလုံးလောကကိုပြောင်းလဲဖို့ ဖီဖာရဲ့ဒေါ်လာဘီလီယံချီတန်တဲ့စွန့်စားမှုကြီးဟာ ဇွန်လ ၁၅ ရက်မှာ စတင်တော့မှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ကလပ်အသင်း ၃၂ သင်းဟာ အမေရိကန်တစ်ဝန်းက ကွင်းကြီး ၁၂ ကွင်းမှာ ဝင်ရောက်ယှဉ်ပြိုင်ကြရမှာဖြစ်လို့ ငွေကြေးအမြောက်အမြားကို ရရှိနိုင်မှာဖြစ်ပေမဲ့ ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုက မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခမ်းနားစွာပြသဖို့ စီစဉ်ထားတဲ့ အဲဒီပြိုင်ပွဲဟာ အငြင်းပွားဖွယ် အသင်းရွေးချယ်မှု စည်းမျဉ်းတွေနဲ့ ခက်ခဲပင်ပန်းရတဲ့ဥရောပဘောလုံးရာသီအပြီး ကစားသမားတွေရဲ့ ကျန်းမာရေးဆိုင်ရာ စိုးရိမ်ရတဲ့ အချက်တွေကြောင့် ပရိသတ် မပြည့်လို့ ထိုင်ခုံတွေလွတ်နေနိုင်တဲ့ အလားအလာတွေနဲ့ ရင်ဆိုင်နေရပါတယ်။လီယွန်နယ်မက်ဆီပါဝင်တဲ့ အင်တာမိုင်ယာမီအသင်းဟာ ဇွန်လ ၁၅ ရက်မှာ မိုင်ယာမီအသင်းရဲ့ ဟဒ်ရော့ကွင်းကြီးမှာ ဆော်ဒီအာရေးဘီးယားရဲ့အယ်လ်အာလီအသင်းနဲ့ အဖွင့်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး ပွဲစဉ်စတင်မယ့် အချိန်နီးလာတဲ့အထိ လက်မှတ်တွေ များစွာ ကျန်ရှိနေဆဲဖြစ်ပါတယ်။

ဖီဖာရဲ့ဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်လိုက်တာနဲ့ နယူးဂျာစီက မတ်လိုက်ဖ်ကွင်းကြီးမှာ ဇူလိုင်လ ၁၃ ရက်မှာ ကျင်းပမဲ့ ဗိုလ်လုပွဲအပါအဝင် ကွင်းဝင်လက်မှတ်ပေါင်းများစွာ ရရှိနေနိုင်သေးတယ်လို့ သိရပါတယ်။ပြိုင်ပွဲမစတင်ခင် ၆ လအလိုမှာ အားကစားထုတ်လွှင့်တဲ့ပလက်ဖောင်း DAZN နဲ့ နောက်ဆုံးအချိန်မှာ ၁ ဘီလီယံ ဒေါ်လာတန်ဖိုးရှိ ရုပ်သံထုတ်ခွင့်စာချုပ် ချုပ်ဆိုနိုင်ခဲ့တာကြောင့် စုစုပေါင်းဝင်ငွေ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ဖီဖာက ပြိုင်ပွဲရဲ့စုစုပေါင်းဆုကြေးဟာ ဒေါ်လာ ၁ ဘီလီယံ ဖြစ်တယ်လို့ ကြေညာခဲ့တာဖြစ်ပြီး အနိုင်ရရှိတဲ့အသင်းက ဆုကြေးငွေ ဒေါ်လာ ၁၂၅ သန်းအထိ ရရှိမှာဖြစ်ပါတယ်။