လာမယ့်ရာသီ ဖီနာဘာချီအသင်းမှာ ဆက်ရှိနေမှာလားဆိုတဲ့ မေးခွန်းနဲ့ပတ်သက်လို့ အခုချိန်က လာမယ့်ရာသီ အကြောင်းပြောဖို့ အချိန်မကျသေးဘူးလို့ နည်းပြ မော်ရင်ဟိုက ပြန်လည်ဖြေကြားသွားခဲ့ပါတယ်။

ဖီနာဘာချီ အသင်းဟာ တနင်္ဂနွေနေ့က အိမ်ကွင်းမှာ ဘီဆစ်တပ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် တူကီယဲ စူပါလိဂ်မှာ ပထမ နေရာက ဂါလာတာစာရေးအသင်းနဲ့ ၈ မှတ်အထိ ကွာဟခဲ့ပြီး ရာသီကုန်ဖို့က ၄ ပွဲသာ ကျန်တော့တာဖြစ်လို့ ဖီနာဘာချီအသင်းရဲ့ ချန်ပီယံမျှော်လင့်ချက်က မသေမချာ ဖြစ်လာခဲ့တာပါ။ မော်ရင်ဟိုဟာ ဖီနာဘာချီအသင်းနဲ့ ၂ နှစ်စာချုပ် ချုပ်ဆိုထားပေမယ့် ချန်ပီယံမျှော်လင့်ချက် မသေမချာ ဖြစ်လာခဲ့ပြီးနောက် သူ့ရဲ့ အနာဂတ်ပါ လှုပ်လှုပ် ခတ်ခတ် ရှိလာခဲ့တာဖြစ်ပါတယ်။ အနာဂတ်နဲ့ပတ်သက်လို့ ဆွေးနွေးမှုတွေက အသင်းတွင်းအကြောင်းအရာတွေ ဖြစ်လို့ အများသိအောင် ပြောလို့မရသလို လက်ရှိအချိန်ကလည်း လာမယ့်ရာသီအကြောင်း ပြောနေရမယ့်အချိန် မဟုတ်သေးပါဘူးလို့ မော်ရင်ဟိုက ပြောသွားခဲ့တာပါ။

ဒါ့အပြင် အခုချိန်ကစပြီး ဂါလာတာစာရေးအသင်း အကြောင်းကို ထပ်မံပြောဆိုတော့မှာ မဟုတ်ဘဲ ရာသီကုန်အထိ အသင်းရဲ့ ပွဲတွေကိုပဲ အာရုံစိုက်သွားတော့မယ်လို့ လည်း မော်ရင်ဟိုက ပြောသွားခဲ့ပါတယ်။ ဖီနာဘာချီအသင်းရဲ့ ပြိုင်ဘက် ဂါလာတာစာရေးအပေါ် တူကီယဲ ဒိုင်လူ ကြီးတွေရဲ့ ဆက်ဆံပုံက မျက်နှာသာပေးလွန်းတယ်လို့ ဝေဖန်ခဲ့ဖူးတဲ့ မော်ရင်ဟိုဟာ တူကီယဲ ဘောလုံးအဖွဲ့ချုပ် တာဝန်ရှိသူတွေ၊ ဒိုင်လူကြီးတွေနဲ့ မကြာခဏဆိုသလို အဆင်မပြေတာတွေလည်း ဖြစ်ပေါ်နေပါတယ်။