စပါးအသင်းကို ယူရိုပါလိဂ်ဖလား ရယူပေးပြီး ၁၇ နှစ်ကြာ ဖလားလက်မဲ့ဖြစ်နေမှုကို အဆုံးသတ်ပေးနိုင်ခဲ့ပေမယ့် အနာဂတ်နဲ့ ပတ်သက်လို့တော့ ဘာမှ မပြောနိုင်သေးဘူးလို့ နည်းပြ အန်ဂျီက ပြောသွားခဲ့ပါတယ်။ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ စပါးအသင်းက မန်ယူအသင်းကို ၁ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပြီးနောက် ၂၀၀၈ လိဂ်ဖလားရပြီးနောက်ပိုင်း ပထမဆုံး ဆုဖလားကို ရယူနိုင်ခဲ့တာပါ။

ယူရိုပါလိဂ် ချန်ပီယံဖြစ်မှုကြောင့် လာမယ့် ရာသီ ချန်ပီယံလိဂ် ဝင်ခွင့်အပြင် ပေါင် သန်း ၁၀၀ လောက်လည်း ရဖွယ်ရှိနေပါတယ်။ ယူရိုပါလိဂ် ဆုဖလား ရယူပြီးနောက် အနာဂတ်နဲ့ ပတ်သက်လို့ ဆွေးနွေးသွားဖို့ အစီအစဉ်ရှိသလားဆိုတဲ့ မေးခွန်းကို နည်းပြ အန်ဂျီက လက်တလောတော့ အစီအစဉ်မရှိသေးပေမယ့် အသင်းဘက်က လိုအပ်လာခဲ့ရင်တော့ ဆွေးနွေးမှုတွေ ပြုလုပ်ကောင်း ပြုလုပ်နိုင်ပါတယ်လို့ ပြန်လည်ဖြေကြားသွားခဲ့တာပါ။ စပါးအသင်းဟာ လာမယ့် သောကြာနေ့မှာ ယူရိုပါလိဂ်ချန်ပီယံဖလားနဲ့အတူ အောင်ပွဲခံမှုပြုလုပ်မှာဖြစ်ပြီး တနင်္ဂနွေညမှာတော့ ရာသီပိတ်ပွဲအဖြစ် ဘရိုက်တန်အသင်းနဲ့ ကစားရဖို့ ရှိနေပါတယ်။

ရာသီပိတ်ပွဲအပြီး နောက်တစ်နေ့မှာတော့ မိသားစုနဲ့အတူ အားလပ်ရက်ခရီးကို ဖြတ်သန်းသွားဖို့ စီစဉ်ထားပါတယ်လို့ နည်းပြ အန်ဂျီက ပြောသွားခဲ့ပါတယ်။ အခုရာသီ စပါးအသင်းရဲ့ ပရီးမီးယားလိဂ် ရလဒ်ဆိုးတွေကြောင့် နည်းပြ အန်ဂျီအနေနဲ့ ယူရိုပါလိဂ်ဖလားကို ရခဲ့ရင်တောင် အနာဂတ်မသေချာဘူးလို့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။