ဇန်နဝါရီအပြောင်းအရွှေ့ မပိတ်ခင်လေးမှာပဲ ပီအက်စ်ဂျီ တောင်ပံကစားသမား အဆန်စီယိုနဲ့ ချဲလ်ဆီးနောက်ခံလူ ဒီဆာစီကို ရာသီကုန်အထိ အငှားခေါ်ယူနိုင်ခဲ့တယ်လို့ ဗီလာအသင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒီကစားသမား တွေဟာ အခုအပြောင်းအရွှေ့မှာ ရက်ရှ်ဖို့ဒ်၊ မာလန်းနဲ့ ဂါစီယာတို့ပြီးနောက် ဗီလာအသင်းကို ရောက်ရှိလာကြတဲ့ ကစားသမားတွေလည်း ဖြစ်ခဲ့ပါတယ်။

ဗီလာအသင်းဟာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ရယူထားခဲ့ဖူးတဲ့ စပိန် တောင်ပံကစားသမား အဆန်စီယိုရဲ့ လုပ်ခလစာကို ပေးချေသွားရမှာဖြစ်ပေမယ့် ရာသီကုန်မှာ အပြီးသတ် ဝယ်ယူ ခွင့်တော့ မပါဘူးလို့ သိရပါတယ်။ ပြင်သစ်နောက်ခံလူ ဒီဆာစီကို အငှားခေါ်ယူနိုင်ဖို့အတွက် ချဲလ်ဆီးအသင်းကို ပေါင် ၅ သန်းပေးချေခဲ့ရပြီး ဒီဆာစီကိုလည်း ရာသီကုန်မှာ အပြီးသတ် ဝယ်ယူဖို့ သဘောတူညီချက်တော့ မပါဘူးလို့ သိရပါတယ်။

ဗီလာအသင်းဟာ အခုအပြောင်းအရွှေ့မှာ တိုက်စစ်မှူး ဒူရန်ကို အယ်နာဆာအသင်းဆီကို ရောင်းချထားခဲ့သလို နောက်ခံလူ ကားလို့စ်ကိုလည်း ဖီနာဘာချီအသင်းဆီ ရောင်းချခဲ့လို့ အခုလိုမျိုး လူသစ်ခေါ်ယူအားဖြည့်တာတွေ ပြုလုပ်ခဲ့တာပါ။ ဒါ့အပြင် အသက် ၂၁ နှစ်အရွယ် လူငယ်ကစားသမား အီလင်းဂျူနီယာကိုလည်း မစ်ဒယ်ဘရော့ အသင်းဆီ ရာသီကုန်အထိ အငှားနဲ့ စေလွှတ်ထားခဲ့တာဖြစ်ပါတယ်။