ကြွက်သားဒဏ်ရာရနေတဲ့ ကွင်းလယ်ကစားသမား ကိုးလ်ပယ်မာအနေနဲ့ လာမယ့် အင်္ဂလန်အသင်းရဲ့ ပွဲတွေကို လွဲချော်ဖွယ်ရှိတယ်လို့ ချဲလ်ဆီးနည်းပြ မာရက်စ်ကာက ပြောသွားခဲ့ပါတယ်။ ပယ်မာဟာ ဒီဒဏ်ရာကို စနေနေ့ အသင်းလေ့ကျင့်ရေးမှာ ရရှိခဲ့တာဖြစ်ပြီး တနင်္ဂနွေညမှာ ကစားခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲကို လွဲချော်ခဲ့ရပါတယ်။

ပယ်မာအနေနဲ့ ၂၀၂၄ ဧပြီလနောက်ပိုင်း ချဲလ်ဆီးအသင်းရဲ့ ပရီးမီးယားလိဂ်ပွဲကို ပထမဆုံး အကြိမ် လွဲချော်ခဲ့တာဖြစ်ပါတယ်။ အသက် ၂၂ နှစ်အရွယ် ပယ်မာရဲ့ဒဏ်ရာအခြေအနေက အင်္ဂလန်အသင်းရဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲတွေကိုလည်း လွဲချော်ဖွယ်ရှိတယ်လို့ နည်းပြ မာရက်စ်ကာက အတည်ပြုခဲ့ပါတယ်။ ပယ်မာရဲ့ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ တနင်္လာနေ့ စစ်ဆေးမှုတွေအပြီးမှာ သိရမှာဖြစ်တယ်လို့လည်း မာရက်စ်ကာက ပြောပါတယ်။

ပယ်မာဟာ အခုရာသီ ချဲလ်ဆီးအသင်းရဲ့ လိဂ်သွင်းဂိုး ၅၃ ဂိုးမှာ ဂိုး ၂၀ အထိ ပါဝင်ပတ်သက်ထားပေမယ့် ချဲလ်ဆီး အတွက် လိဂ်နောက်ဆုံး ၇ ပွဲဆက် ဂိုးပေါက်ပျောက်နေတာဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူပြီးနောက်မှာ ပယ်မာ အနေနဲ့ ပုံစံကောင်း ပြန်ရလာဖို့ နည်းပြ မာရက်စ်ကာ မျှော်လင့်နေပါတယ်။