၂၀၂၆ ကမ္ဘာ့ဖလားကျင်းပမယ့် အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို နိုင်ငံတွေရဲ့ အပူချိန်နဲ့ အသားကျစေဖို့အတွက် အင်္ဂလန်အသင်းလေ့ကျင့်ရေးမှာ အပူပေးတဲတွေကို အသုံးပြုနေတယ်လို့ သိရပါတယ်။ နည်းပြတူချယ်နဲ့ အင်္ဂလန် အသင်းသားတွေဟာ စပိန်နိုင်ငံ ဂျီရိုနာမြို့မှာ လေ့ကျင့်မှုပြုလုပ်နေတာဖြစ်ပါတယ်။

အင်္ဂလန်အသင်းဟာ လာမယ့် စနေနေ့မှာ အန်ဒိုရာအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲကို ကစားရမှာဖြစ်ပြီး ဇွန်လ ၁၀ ရက်နေ့မှာတော့ နော်တင်ဟမ်အသင်းအိမ်ကွင်းမှာ ဆီနီဂေါအသင်းနဲ့ ခြေစမ်းပွဲကစားရမှာဖြစ်ပါတယ်။ အင်္ဂလန်အသင်း နည်းပြ အဖွဲ့နဲ့ ကစားသမားတွေရဲ့ စွမ်းဆောင်ရည်ကို စစ်ဆေးတဲ့ ဝန်ထမ်းတွေဟာ အပူပေးတဲအတွင်း ပူနွေးစိုစွတ်တဲ့ အခြေအနေမှာ ကစားသမားတွေ ဘယ်လောက်အထိ လိုက်လျောညီထွေမှုရှိစွာ နေနိုင်မလဲဆိုတာကို အကဲဖြတ် ကြမှာဖြစ်ပါတယ်။ ကစားသမားတွေဟာ တဲအတွင်းမှာရှိတဲ့ လေ့ကျင့်ခန်းသုံစက်ဘီးတွေမှာ လေ့ကျင့်မှုတွေ ပြုလုပ်ရမှာဖြစ်ပြီး ကြံ့ခိုင်မှုစစ်ဆေးတာတွေကို ခံရမှာဖြစ်ပါတယ်။

အင်္ဂလန်နည်းပြ တူချယ်ကတော့ အမေရိကန် နိုင်ငံရဲ့ ရာသီဥတုအခြေအနေနဲ့ ကစားသမားတွေကြုံတွေ့ရနိုင်တဲ့ အနေအထားတွေကို လေ့လာမှုအဖြစ် လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားရောက်မှာဖြစ်တယ်လို့ ပြီးခဲ့တဲ့တစ်ပတ်က ပြောကြားထားပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသုံးပြုမယ့် ကစားကွင်း ၁၆ ကွင်းအနက် ၁၄ ကွင်းရဲ့ နွေရာသီ အပူချိန်က အလွန်မြင့်မား နေလိမ့်မယ်လို့ သတိပေးချက်တွေရှိထားပါတယ်။ ဒါ့ကြောင့်လည်း နည်းပြတူချယ်က လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ အင်္ဂလန်ကစားသမားတွေကြုံတွေ့ခံစားရနိုင်တဲ့ အပူချိန်နဲ့ ပတ်သက်လို့ အခုထဲက ပြင်ဆင်မှုတွေပြုလုပ် နေတာဖြစ်ပါတယ်။