အင်္ဂလန်နည်းပြသစ် တူချယ်က ပထမဆုံးရွေးချယ်လိုက်တဲ့ အင်္ဂလန်လက်ရွေးစင် လူစာရင်းမှာ တိုက်စစ်မှူး ရက်ရှ်ဖိုဒ်နဲ့ ကွင်းလယ်လူ ဟန်ဒါဆန်တို ပြန်လည်ပါဝင်လာခဲ့ပါတယ်။၂၀၂၄ မတ်လမှာ အင်္ဂလန်အသင်းအတွက် နောက်ဆုံးကစားပေးထားတဲ့ ရက်ရှ်ဖိုဒ်ဟာ ဗီလာအသင်းနဲ့အတူ ပုံစံကောင်းတွေပြန်ရလာတဲ့အတွက် တစ်နှစ် အကြာမှာပဲ လက်ရွေးစင်အသင်းမှာ ပြန်လည်ရွေးချယ်ခံရတာဖြစ်ပါတယ်။

အေဂျက်ဇ်ကွင်းလယ်လူ ဟန်ဒါဆန်ကို ရွေးချယ်ခဲ့မှုအပေါ်တော့ ဝေဖန်မှုတွေရှိနေပါတယ်။ ဟန်ဒါဆန်ကလည်း ၂၀၂၃ နိုဝင်ဘာမှာ အင်္ဂလန်အသင်း အတွက်နောက်ဆုံးကစားပေးထားခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်နောက်ခံလူ ဒန်ဘန်းနဲ့ အာဆင်နယ် နောက်ခံလူ လီဝစ်စကယ်လီတိုကတော့ အင်္ဂလန်လက်ရွေးစင်အသင်းမှာ ပထမဆုံးအကြိမ်ရွေးချယ်ခြင်းခံခဲ့ရပါတယ်။ နည်းပြ တူချယ်ဟာ အခုရာသီမှာ ဒဏ်ရာမကြာခဏရနေတဲ့ ချဲလ်ဆီးညာနောက်ခံလူ ရီးစ်ဂျိမ်းစ် ကိုလည်း လက်ရွေးစင်အသင်းမှာ ရွေးချယ်ထားခဲ့ပြီး အခုရာသီ နော်တင်ဟမ်အသင်းနဲ့အတူ ခြေစွမ်းပြနေတဲ့ ဂစ်ဘ်ဝှိက်နဲ့ ဗီလာအသင်းမှာ ဂိုးတွေသွင်းယူပေးနေတဲ့ ဝက်ကင်းစ်ကိုတော့ ချန်လှပ်ထားခဲ့တာ တွေ့ရပါတယ်။ အင်္ဂလန်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် မတ်လ ၂၁ ရက်နေ့မှာ အယ်ဘေးနီးယား၊ မတ်လ ၂၄ ရက်နေ့မှာ လတ်ဗီးယားအသင်းတွေနဲ့ ဝင်ဘလေကွင်းမှာ ကစားရမှာဖြစ်ပါတယ်။