အင်တာမီလန်နည်းပြသစ်ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိသလို အသင်းဆီကို ရည်မှန်းချက်နဲ့ စိတ်အားထက်သန်မှု တွေ ယူဆောင်ပေးလာနိုင်ဖို့ မျှော်လင့်တယ်လို့ ကစားသမားဟောင်း ချီဗူးက ပြောသွားပါတယ်။ ၂၀၀၇ ခုနှစ် ကနေ ၂၀၁၄ ခုနှစ်အထိ အင်တာမီလန်အသင်းမှာ ကစားခဲ့ပြီးနောက် ကစားသမားဘဝက အနားယူသွားခဲ့တဲ့ ချီဗူးဟာ အသင်းကို နည်းပြအဖြစ် ၂၀၂၇ အထိ စာချုပ်နဲ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

ချီဗူးဟာ အင်တာမီလန် လူငယ်အသင်းနည်းပြအဖြစ် ၂၀၁၈ ကနေ ၂၀၂၄ အထိ တာဝန်ယူခဲ့ပြီး ၂၀၂၅ ဖေဖော်ဝါရီမှာ စီရီးအေကလပ် ပါးမားအသင်းကို တာဝန်ယူခဲ့တာပါ။ ပါးမားအသင်းကို ၁၃ ပွဲသာ တာဝန်ယူခဲ့ပြီးနောက် တန်းဆင်းဇုန်က လွတ်အောင် အသင်းကို ဦးဆောင်ပေးနိုင်ခဲ့တဲ့ ချီဗူးကို အင်တာမီလန်အသင်းက နည်းပြအင်ဇာဂီရဲ့နေရာမှာ အစားထိုးလိုက်တာလည်း ဖြစ်ပါတယ်။ အင်တာမီလန်အသင်းနဲ့အတူ ချန်ပီယံဆုတွေကို စိန်ခေါ်နိုင်ဖို့ ကြိုးစား သွားမှာဖြစ်သလို အသင်းသားတွေနဲ့လည်း ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ဖို့ မျှော်လင့် တယ်လို့ အသက် ၄၄ နှစ်အရွယ် ချီဗူးက ပြောသွားခဲ့ပါတယ်။

ရိုမေးနီးယားနောက်ခံလူဟောင်း ချီဗူးဟာ အင်တာ မီလန်အသင်းမှာ ကစားသမားဘဝအဖြစ် ၇ နှစ်တာ ဖြတ်သန်းခဲ့တဲ့ကာလအတွင်း စီးရီးအေချန်ပီယံဆု ၃ ကြိမ် ရယူထားနိုင်ခဲ့ပါတယ်။ ချီဗူးအတွက် အင်တာမီလန်အသင်းနဲ့အတူ ပထမဆုံးစမ်းသပ်မှုကတော့ ဇွန်လ ၁၅ ရက်မှာ စတင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အသင်းကိုရလဒ်ကောင်းရအောင် စွမ်းဆောင်ပြရမှာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ အုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ ၁၇ ရက်မှာ မက္ကဆီကိုကလပ် မွန်တာရေး အသင်းနဲ့ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။