၂၀၂၅ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်နိုင်ဖို့အတွက် အင်တာမိုင်ယာမီအသင်းမှာ လိုအပ်ချက် တွေ ရှိနေဆဲဖြစ်တယ်လို့ ကွင်းလယ်ကစားသမား ဘက်စ်ကွက်စ်က ပြောသွားခဲ့ပါတယ်။ အင်တာမိုင်ယာမီအသင်း ဟာ အခုနှစ် ကွန်ကာကပ်ဖ်ချန်ပီယံများဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်အဆင့်အထိ တက်နိုင်ခဲ့ပေမယ့် ဗန်ကူးဗား အသင်းကို ၂ ကျော့ပေါင်းရလဒ် ၅ ဂိုး-၁ ဂိုးနဲ့ ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။

အင်တာမိုင်ယာမီအသင်းဟာ ကလပ်ကမ္ဘာ့ဖလား အုပ်စုပွဲတွေအဖြစ် ပေါ်တို၊ အယ်အာလီ၊ ပါမီးရပ်စ်အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။ ကလပ်ကမ္ဘာ့ဖလား အုပ်စုအဖွင့်ပွဲအဖြစ် အင်တာမိုင်ယာမီအသင်းဟာ ဇွန်လ ၁၄ ရက်မှာ အယ်အာလီအသင်းနဲ့ ကစားရမှာ ဖြစ်ပြီး လက်ရှိမှာ အင်တာမိုင်ယာမီအသင်းက ကလပ်ကမ္ဘာ့ဖလားကို ဝင်ပြိုင်ဖို့အတွက် အဆင်သင့် မဖြစ်သေးသလို လိုအပ်ချက်တွေလည်း ရှိနေပါသေးတယ်လို့ စပိန် ကွင်းလယ်ကစားသမား ဘက်စ်ကွက်စ်က ပြောသွားခဲ့တာပါ။ အင်တာမိုင်ယာမီအသင်းနည်းပြ မာရှေယာနိုကတော့ ဇွန်လမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ ဖလားပြိုင်ပွဲအကြောင်းထက် လက်တလော ကစားဖို့ရှိနေတဲ့ အသင်းရဲ့ မေဂျာလိဂ်ပွဲစဉ်တွေကို အာရုံစိုက်ထား ရမှာဖြစ်တယ်လို့ ပြောထားပါတယ်။