မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ တိုက်စစ်မှူး မက်ဆီရဲ့ သွင်းဂိုးတွေနဲ့အတူ လော့စ်အန်ဂျလိစ် အက်ဖ်စီကို အနိုင်ရပြီး ကွန်ကာကပ်ဖ် ချန်ပီယံများဖလား ဆီမီးဖိုင်နယ်ကို တက်သွားခဲ့ပါတယ်။

ကွာတားဖိုင်နယ် ဒုတိယအကျော့အဖြစ် အင်တာမိုင်ယာမီအသင်း အိမ်ကွင်းမှာ ကစားခဲ့တာဖြစ်ပေမယ့် ဧည့်သည်အသင်းရဲ့ ဦးဆောင်ဂိုးသွင်းယူတာကို ခံခဲ့ရပြီး နောက်ကနေ လိုက်ကစားခဲ့ရတာပါ။ ဒါပေမဲ့ ပထမပိုင်း မပြီးခင်မှာပဲ မက်ဆီက အင်တာမိုင်ယာမီအတွက် ချေပဂိုးပြန်သွင်းခဲ့သလို ဒုတိယပိုင်းမှာလည်း အယ်လန်နဲ့ မက်ဆီတို့က အိမ်ရှင်အတွက် ဂိုးတွေထပ်သွင်းနိုင်ခဲ့လို့ ပွဲအပြီးမှာ အင်တာမိုင်ယာမီအသင်း ၃ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၂ ကျော့ ပေါင်း ရလဒ် ၃ ဂိုး-၂ ဂိုးနဲ့ အင်တာမိုင်ယာမီအသင်း ဆီမီးဖိုင်နယ်ကို တက်သွားခဲ့တာဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာ မက္ကဆီကိုကလပ် ပူးမက်စ်နဲ့ ကနေဒါကလပ် ဗန်ကူးဗား အသင်းတို့ရဲ့ ကွာတားဖိုင်နယ်ပွဲက အနိုင်ရတဲ့အသင်းနဲ့ ဆုံတွေ့ရမှာ ဖြစ်ပါတယ်။၂၀၂၃ မှာ အမေရိကန် လိဂ်ဖလား၊ ၂၀၂၄ မှာ Supporters Shield တို့ကို ရယူထားတဲ့ အင်တာမိုင်ယာမီအသင်းအနေနဲ့ တတိယမြောက် ချန်ပီယံဆုဖလားကို ရယူနိုင်ဖို့ မျှော်လင့်ချက်ရှိနေတာလည်း ဖြစ်ပါတယ်။