၄ နှစ်ကြာ လက်တွဲခဲ့တဲ့ အင်တာမီလန်အသင်းကို အမြဲတမ်းသတိရနေမှာဖြစ်တယ်လို့ အင်တာမီလန်အသင်း ပရိသတ်တွေဆီ ပေးပို့တဲ့ နှုတ်ဆက်စာမှာ နည်းပြ အင်ဇာဂီက ရေးသားခဲ့ပါတယ်။

၂၀၂၁ မှာ စတင်လက်တွဲခဲ့တဲ့ နည်းပြ အင်ဇာဂီနဲ့ နှစ်ဖက်သဘောတူ လမ်းခွဲတော့မှာဖြစ်တယ်လို့ အင်တာမီလန်အသင်းက ဇွန်လ ၃ ရက်မှာ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။ အင်တာမီလန်အသင်းဟာ စနေညက ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပီအက်စ်ဂျီအသင်းကို ၅ ဂိုးပြတ်နဲ့ရှုံးနိမ့်ခဲ့ပြီး ဥရောပပြိုင်ပွဲ ဗိုလ်လုပွဲတွေထဲမှာ ဂိုအပြတ်ဆုံးရလဒ်လည်း ဖြစ်ခဲ့ပါ တယ်။ အသက် ၄၉ နှစ်အရွယ် နည်းပြ အင်ဇာဂီကို ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်အသင်းက လာမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ခေါ်ယူဖို့အတွက် စီစဉ်နေတာ ဖြစ်ပါတယ်။

နည်းပြ အင်ဇာဂီဟာ အင်တာမီလန် အသင်းနဲ့ ၄ နှစ်တာကာလအတွင်း စီးရီးအေးချန်ပီယံဆု ၁ ကြိမ်၊ ကိုပါ အီတလီယာချန်ပီယံဆု ၂ ကြိမ်နဲ့ အီတလီ စူပါဖလား ၃ ကြိမ် စုစုပေါင်း ဆုဖလား ၆ လုံး ရယူပေးနိုင်ခဲ့တာပါ။ ဒါ့အပြင် အင်တာမီလန်အသင်းကို နောက်ဆုံး ၃ နှစ်အတွင်း ချန်ပီယံလိဂ်ဗိုလ်လုပွဲကို ၂ ကြိမ်တိတိ ပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ၂ ကြိမ်စလုံး ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရပါတယ်။ နေ့ရက်တိုင်းမှာ ပထမဆုံးနဲ့ နောက်ဆုံးတွေးမယ့် အကြောင်းအရာက အင်တာမီလန်အသင်း အကြောင်းပဲ ဖြစ်နေပါလိမ့်မယ်လို့ နှုတ်ဆက်စာမှာ အင်ဇာဂီက ရေးသားခဲ့ပါတယ်။