ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)က မြန်မာနိုင်ငံမှာ (Football For School) ပရိုဂရမ် စီမံကိန်းအဖြစ် ၂၀၂၅ ခုနှစ် ပညာသင်နှစ်က စတင်ကာ အခြေခံပညာသင်ကျောင်းတွေမှာ အခြေခံဘောလုံးပညာ သင်ကြားတာတွေကို ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ပေးသွားမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။ အဲဒီ စီမံကိန်းကိုတော့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(ဖီဖာ)၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နဲ့ အားကစားနှင့် ပညာရေး ဌာနတို့ ပူးပေါင်းလုပ်ဆောင်ကြမှာပါ။

ဘောလုံးအခြေခံနည်းစနစ်တွေပါတဲ့ အပလီကေးရှင်းတွေကို ကျောင်းတွေမှာ ဖြန့်ဝေပြီး နည်းပြ ဆရာ၊ ဆရာမ တွေက ကာယအချိန်တွေမှာ သင်ကြားပေးဖို့ စီစဉ်လုပ်ဆောင်နေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ် က မီဒီယာနှင့်ဆက်သွယ်ရေးဒါရိုက်တာ ဦးဇော်မင်းထိုက်က ပြောပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်အနေနဲ့ ဒီစီမံကိန်းအတွက် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို Adidas ကုမ္ပဏီက ထုတ်လုပ် တဲ့ ကလေးကန် ဘောလုံး အလုံးရေ (၄)သောင်းကျော်ကို ပံ့ပိုးပေးမှာဖြစ်ပြီး အဲဒီ ပံ့ပိုးတဲ့ဘောလုံးတွေကို (Football For School) ပရိုဂရမ် စီမံကိန်း ပြုလုပ်မယ့် ကျောင်းတွေကို ဖြန့်ဖြူးပေးသွားမှာ ဖြစ်တယ်လို့ သိရပါ တယ်။ (Football For School) ပရိုဂရမ် စီမံကိန်းကို ကျောင်းတွေမှာ နှစ်တိုင်းလိုလို တိုးချဲ့ကာ ဆောင်ရွက်သွား မှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကနေ သိရပါတယ်။