မန်ယူနည်းပြအလုပ်က အခက်ခဲဆုံးအလုပ်တစ်ခုဖြစ်တယ်လို့ စပါးအသင်းကို ရှုံးနိမ့်တဲ့ပွဲအပြီးမှာ နည်းပြ အမ်မိုရင်က ဝန်ခံသွားပါတယ်။သူ့လက်ထက် ပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၈ ပွဲမြောက်ရှုံးပွဲကို ရင်ဆိုင်ခဲ့ရ ပြီးနောက် မန်ယူအသင်းဟာ အမှတ်ပေးဇယား အဆင့် ၁၅ နေရာကို ရောက်နေပြီဖြစ်ပါတယ်။

မန်ယူ အသင်းမှာ ပြဿနာတွေများစွာရှိနေသလို အလုပ်လုပ်ရတာ အရမ်းခက်ခဲတယ်ဆိုပေမယ့် အသင်းသားတွေနဲ့အတူ ကြိုးစားလုပ်ဆောင်ဖို့အတွက် ဒီမှာဆက်ရှိခွင့်ရမယ်ဆိုတာ ယုံကြည်ပါတယ်လို့ စပါးအသင်းကို ရှုံးနိမ့်အပြီးမှာ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။ ဒါ့အပြင်မန်ယူအသင်းရဲ့ ဒဏ်ရာရကစားသမားတွေ များပြားနေမှုအပေါ်လည်း အမ်မိုရင်က စိတ်ပျက်နေပြီး အသင်းကိုတည်ဆောက်ရာမှာ ဒဏ်ရာပြဿနာတွေက ကြီးမားတဲ့အနှောင့်အယှက် ဖြစ်စေခဲ့တယ်လို့လည်း ပြောသွားခဲ့ပါတယ်။

မန်ယူအသင်းဟာ ဒဏ်ရာပြဿနာတွေများစွာရှိနေတာကြောင့် စပါးနဲ့ပွဲအတွက် အရန်စာရင်းမှာ လူငယ်ကစားသမားအများစုကို ထည့်သွင်းထားခဲ့ရသလို ပွဲချိန်အတွင်းမှာလည်း လူစားလဲမှုတစ်ကြိမ်သာပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။နည်းပြအမ်မိုရင်ကတော့ မန်ယူအသင်းဆီကို သူရောက်လာခဲ့တာက အသင်းကို တိုးတက်အောင်လုပ်ဆောင်ဖို့ ဖြစ်ပြီး သူ့အနာဂတ်အတွက် မစိုးရိမ်ပဲ အဆင့် ၁၅ ကိုရောက်နေတဲ့ အသင်းအတွက်ကိုသာ စိုးရိမ်မိတယ်လို့ ပြောသွားခဲ့ပါတယ်။