ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ အနီကတ်ပြအထုတ်ခံရပြီးနောက် ဒိုင်လူကြီးကို ဆဲဆိုခဲ့တဲ့ အက်သလက်တီကိုတိုက်စစ်မှူး ကော်ရီယာကို ၅ ပွဲပယ်ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ ဂီတာဖေးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ လာလီဂါပွဲစဉ် ပွဲချိန် ၈၈ မိနစ်မှာ ဂီတာဖေးနောက်ခံလူ ဒါကိုနန်ကို ပြင်းထန်တဲ့ဖျက်ထုတ်မှု ပြုလုပ်ခဲ့တဲ့ကော်ရီယာကို အနီကတ်ပြခဲ့တာဖြစ်ပါတယ်။

ကော်ရီယာအထုတ်မခံရခင် အက်သလက် အသင်းက တစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ထားနိုင်ခဲ့ပေမယ့် ကော်ရီယာအထုတ်ခံရပြီးနောက် အက်သလက်အသင်း ၄ မိနစ် အတွင်း ၂ ဂိုးဆက်တိုက်ပေးခဲ့ရပြီး ဂီတာဖေးအသင်းကို ရှုးနိမ့်ခဲ့ရပါတယ်။ ဒီရှုးပွဲကြောင့် အက်သလက် အသင်းရဲ့ လာလီဂါချန်ပီယံဆုမျှော်လင့်ချက်ကို ထိခိုက်စေခဲ့ပါတယ်။ အနီကတ်ပြခံရပြီးနောက်သူ့ရဲ့ အပြုအမူ အတွက် ကော်ရီယာက လူမှုကွန်ရက်မှာ ပြန်တောင်းပန်ခဲ့ပါတယ်။

ဒါပေမဲ့ ဗုဒ္ဓဟူးနေ့က စပိန်ဘောလုံးအဖွဲချုပ် စည်းကမ်း ထိန်းသိမ်းရေး ကော်မတီရဲ့ စစ်ဆေးမှုအပြီးမှာ ကော်ရီယာကို အနီကတ်ပြအထုတ်ခံရမှုအတွက် တစ်ပွဲပယ်နဲ့ ဒိုင်လူကြီးကို ဆဲဆိုခဲ့မှုအတွက် ၄ ပွဲပယ် စုစုပေါင်း ၅ ပွဲပယ်ပြစ်ဒဏ်ချမှတ်ဖို ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရတဲ့အတွက် ကော်ရီယာဟာ အက်သလက်အသင်းရဲ့ လာလီဂါ ပွဲတွေအပြင် ဘုရင့်ဖလား ပွဲစဉ်တွေကိုပါ လွဲချော်ရတော့မှာဖြစ်ပါတယ်။