အက်ဖ်အေဖလား ပဥ္စမအဆင့် ပွဲစဉ်တွေကို ဖေဖော်ဝါရီ ၁၀ ရက်နေ့က မဲနှိုက်ရွေးချယ်ခဲ့ရာမှာ လီဗာပူးအသင်းကို အနိုင်ယူပြီး တက်လာခဲ့တဲ့ ချန်ပီယံရှစ် ပလိုင်းမောက်အသင်းက မန်စီးတီးအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပါတယ်။ ချန်ပီယံရှစ် အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတဲ့ ပလိုင်းမောက်အသင်းဟာ အက်ဖ်အေဖလား စတုတ္ထ အဆင့်မှာ လီဗာပူးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ယူပြီး အခုအဆင့်ကို တက်လာခဲ့တာဖြစ်ပါတယ်။

ပွဲစဉ်ဇယား အရ ပလိုင်းမောက်အသင်းဟာ မန်စီးတီးအသင်းအိမ်ကွင်းကို သွားရောက်ကစားရမှာဖြစ်လို့ နောက်ထပ် ပွဲကျပ် တစ်ပွဲနဲ့ ထပ်မံရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ အက်ဖ်အေဖလား လက်ရှိချန်ပီယံ မန်ယူအသင်းက ပရီးမီးယားလိဂ် ပြိုင်ဘက် ဖူလ်ဟမ်အသင်းကို အိမ်ကွင်းမှာလက်ခံကစားရမှာဖြစ်ပြီး နယူးကာဆယ်အသင်းက ဘရိုက်တန် အသင်းနဲ့ အိမ်ကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။

နောက်ထပ် ပရီးမီးယားလိဂ်အသင်း အချင်းချင်း တွေ့ဆုံမှုအဖြစ် ဘုန်းမောက်အသင်းနဲ့ ဝုဗ်အသင်းတို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။ဗီလာအသင်းက ကာဒစ်ဖ်စီးတီး၊ ပဲလေ့စ်အသင်းက မီလ်ဝေါအသင်းတို့နဲ့ ဆုံတွေ့နေလို့ ပွဲစဉ်ချောင်တယ်လို့ ပြောလို့ရပြီး အက်ဖ်အေဖလား ပဥ္စမအဆင့်ပွဲတွေကို မတ်လ ၁ ရက်နဲ့ မတ်လ ၂ ရက်နေ့တွေမှာ ကစားသွားကြမှာ ဖြစ်ပါတယ်။