မန်စီးတီးနောက်ခံလူ အကီရဲ့ ခြေဖဝါးဒဏ်ရာကို ခွဲစိတ်ကုသခဲ့ရတဲ့အတွက် အနားယူရမှာဖြစ်တယ်လို့ သိရပါ တယ်။ အသက် ၃၀ အရွယ် နယ်သာလန်နောက်ခံလူဟာ ပလိုင်းမောက်အသင်းကို အနိုင်ရခဲ့တဲ့ အက်ဖ်အေ ဖလား ပွဲမှာ ဒဏ်ရာရခဲ့တာဖြစ်ပြီး ပထမပိုင်းအပြီးမှာပဲ လူစားလဲလိုက်ရတာပါ။

အဲဒီနောက် ပြီးခဲ့တဲ့ တနင်္လာနေ့မှာ အကီရဲ့ ဒဏ်ရာကို ခွဲစိတ်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး ခွဲစိတ်ခဲ့ပြီးနောက် အခြေအနေကို အကီက သူ့ရဲ့ လူမှုကွန်ရက် တွေမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ အခုရာသီမှာ ဒဏ်ရာ မကြာခဏရနေလို့ စိတ်ပျက်စရာဖြစ်ခဲ့ပေမယ့် လနဲ့ချီပြီး ဒုက္ခပေးနေတဲ့ ခြေဖဝါးအရိုးကျိုးဒဏ်ရာကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပြီ ဖြစ်ပါတယ်လို့ အကီက ရေးသားထားခဲ့ပါတယ်။ အခုရာသီမှာ မကြာခဏဒဏ်ရာရခဲ့တာကြောင့် အကီဟာ မန်စီတီးအတွက် ၁၈ ပွဲသာ ကစားပေးထားနိုင်ခဲ့ပါသေးတယ်။

မန်စီးတီးအသင်းရဲ့နောက်ခံလူတွေဖြစ်ကြတဲ့ စတုန်းနဲ့ အကန်ဂျီတို့ကလည်း ဒဏ်ရာပြဿနာတွေကြောင့် ပလိုင်းမောက်အသင်းနဲ့ကစားခဲ့တဲ့ပွဲကို လွဲချော်ခဲ့ကြရပြီး အသင်းမှာ ကြံ့ခိုင်မှု ပြည့်ဝတဲ့နောက်ခံလူတွေအဖြစ် ဒီယက်ဇ်၊ လူးဝစ်၊ ဗစ်တာရီးစ်၊ ဗာဒီယိုလ်နဲ့ ခူဆာနော့ဗ်တို့သာ ကျန်ရှိတော့ တာဖြစ်ပါတယ်။ ပြိုင်ပွဲစုံ ၂ ပွဲဆက် အနိုင်ရထားတဲ့ မန်စီးတီးအသင်းဟာ လာမယ့် မတ်လ ၈ ရက်နေ့မှာ နော်တင်ဟမ်အသင်းနဲ့ ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။