လူမှုကွန်ရက်တွေပေါ်ကနေ ဝေဖန်မှုတွေကို ဂရုမစိုက်ဘူးလို့ ချဲလ်ဆီးကွင်းလယ်လူ ပယ်မာက ပြောသွားခဲ့ ပါတယ်။ ပယ်မာဟာ ချဲလ်ဆီးအသင်းအတွက် နောက်ဆုံးကစားပေးခဲ့တဲ့ ၁၂ ပွဲဆက် ဂိုးပေါက်ပျောက်နေမှုကို လီဗာပူးအသင်းနဲ့ပွဲမှာ ပင်နယ်တီသွင်းဂိုးနဲ့ ရပ်တန့်နိုင်ခဲ့တာပါ။

အသင်းအတွက် ၃ လလောက် ဂိုးပေါက်ပျောက် နေချိန်မှာ ကွင်းအတွင်း ပုံမှန်ခြေစွမ်းကောင်းကို ပြန်လည်ပြသနိုင်ဖို့ကိုသာ အာရုံစိုက်ထားခဲ့သလို လူမှုကွန်ရက် မှာက ရေးချင်သလိုရေးနေကြတာဖြစ်လို့ ဝေဖန်မှုတွေကိုတော့ စိတ်ထဲ ထည့်မထားဘူးလို့ ပယ်မာက ပြောသွားခဲ့ တာပါ။ ပယ်မာဟာ ချဲလ်ဆီးကစားသမားဘဝ ၅၄ ပွဲမှာ ၃၆ ဂိုးသွင်းပြီး ၁၇ ဂိုး ဖန်တီးပေးထားနိုင်ခဲ့ပေမယ့် လီဗာပူးနဲ့ပွဲမတိုင်ခင် နောက်ဆုံး ကစားထားတဲ့ ၁၂ ပွဲမှာတော့ တစ်ဂိုးမှ မသွင်းနိုင်ခဲ့သလို ဂိုးဖန်တီးမှုကလည်း ၂ ကြိမ်သာ လုပ်ဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအတွက် ခြေစွမ်းမပြနိုင်တဲ့ကာလအတွင်း ပယ်မာရဲ့ စိတ်ဓာတ်ခိုင်မာမှုအပိုင်းနဲ့ ပတ်သက်လို့ ဝေဖန်မှုတွေ ရှိခဲ့တာဖြစ်ပြီး အခုလို ဂိုးပြန်သွင်းနိုင်ချိန်မှာ ပယ်မာက သူ့အပေါ် ဝေဖန်သူတွေကို ပြန်လည်တုံ့ပြန်သွားခဲ့တာလည်း ဖြစ်ပါတယ်။ ချဲလ်ဆီးအသင်းဟာ ရာသီလက်ကျန်ပွဲ တွေမှာ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ပွဲစဉ်တိုင်းကို ရလဒ်ကောင်းဖို့ ကြိုးစားနေရတာဖြစ်ပါတယ်။