ရလဒ်ဆိုးတွေကြောင့် ဒိန်းမတ်လူမျိုးနည်းပြ သိုရပ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီး လက်ထောက်နည်းပြ ဝီရှီးယားကို ယာယီနည်းပြအဖြစ် ရာသီကုန်အထိ ခန့်အပ်လိုက်တယ်လို့ ချန်ပီယံရှစ်ကလပ် နော်ဝှစ်ချ်အသင်းက ဧပြီလ ၂၃ ရက်နေ့မှာ ကြေညာသွားခဲ့ပါတယ်။

တနင်္လာညက မီလ်ဝေါအသင်းကို ရှုံးနိမ့်ခဲ့ပြီးနောက် နောဝစ်ချ် အသင်းဟာ ရမှတ် ၅၃ မှတ်နဲ့ ချန်ပီယံရှစ် အမှတ်ပေးဇယား အဆင့် ၁၄ နေရာအထိ ရောက်ရှိသွားခဲ့တာပါ။ လက်တလော အသင်းရဲ့ရလဒ်ဆိုးတွေကြောင့် အပြောင်းအလဲပြုလုပ်ဖို့အတွက် လိုအပ်လာပြီလို့ သုံးသပ်မိတာ ကြောင့် အခုလိုမျိုး နည်းပြအပြောင်းအလဲပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ကြေညာချက်မှာရေးသားခဲ့ပြီး ဝီရှီးယားအနေနဲ့ ရာသီလက်ကျန် ၂ ပွဲကို အကောင်းဆုံးဦးဆောင်ပေးနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ရေးထား ပါတယ်။

အသက် ၃၃ နှစ်အရွယ် အာဆင်နယ် ကွင်းလယ်လူဟောင်း ဝီရှီယားဟာ ၂၀၂၄ အောက်တိုဘာလမှာ နောဝှစ်ချ်အသင်းကို လက်ထောက်နည်းပြအဖြစ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ နည်းပြဘဝအဖြစ် အာဆင်နယ် ယူ-၁၈ အသင်းကိုသာ တာဝန်ယူခဲ့ဖူးတဲ့ ဝီရှီးယားအနေနဲ့ ချန်ပီယံရှစ် ရာသီလက်ကျန်ပွဲတွေမှာ သူ့ရဲ့ နည်းပြ စွမ်းဆောင်ရည်ကို ထုတ်ပြရတော့မှာလည်း ဖြစ်ပါတယ်။