အာဆင်နယ်တိုက်စစ်မှူး ကိုင်ဟာဗက်ဇ်ဟာ ဒူဘိုင်းကိုသွားရောက်ခဲ့တဲ့ လေ့ကျင့်ရေးအတွင်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ဟာဗက်ဇ်ရဲ့ ဒဏ်ရာအခြေအနေကို သေချာမသိရသေးပေမဲ့ ကြွက်သားဒဏ်ရာဖြစ်နိုင်ပြီး နောက်ထပ်ဆေးစစ်မှုတွေ ထပ်မံ ခံယူရဦးမယ်လို့ အာဆင်နယ် အသင်းနဲ့နီးစပ်တဲ့ရင်းမြစ်တွေအရသိရပါတယ်။

ပြီးခဲ့တဲ့တစ်ပတ်အတွင်း ပွဲကစားဖို့မရှိတဲ့ အာဆင်နယ်အသင်းဟာ ဒူဘိုင်းကို သွားရောက်ပြီးလေ့ကျင့်မှုတွေပြုလုပ်နေခဲ့တာပါ။ ပြီးခဲ့တဲ့ အင်္ဂါနေ့မှာတော့ အာဆင်နယ်အသင်း အင်္ဂလန်ကိုပြန်ရောက် လာခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်တိုက်စစ်က ဂျီးဆပ်နဲ့ ဆာကာတို့ ဒဏ်ရာကြောင့်မကစားနိုင်ချိန် ဟာဗက်ဇ်ရဲ့ ဒဏ်ရာသတင်းက စိတ်ပျက်စရာဖြစ်ခဲ့ရပါတယ်။ ဇန်နဝါရီဈေးကွက်မှာ တိုက်စစ်မှူးတစ်ဦး မခေါ်ယူနိုင်ခဲ့ပေမယ့် အသင်းတိုက်စစ်ကို ဟာဗက်ဇ်က ဦးဆောင်နိုင်လိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ယုံကြည်ထားခဲ့တာဖြစ်ပါတယ်။

အခုရာသီပြိုင်ပွဲစုံ ၃၄ ပွဲမှာ ၁၅ ဂိုးသွင်းယူ ပေးထားတဲ့ ဟာဗက်ဇ်သာ ဒဏ်ရာကြောင့် နားရမယ်ဆိုရင် အာဆင်နယ်တိုက်စစ်အတွက် နည်းပြအာတီတာ ရွေးချယ်စရာနည်းပါးသွားနိုင်ပါတယ်။ တံကောက်ကြော ဒဏ်ရာကြောင့် နားနေရတဲ့ တောင်ပံတိုက်စစ်မှူး ဆာကာဟာ ဒူဘိုင်းလေ့ကျင့်ရေးမှာအပေါ့စားလေ့ကျင့်မှုတွေ ပြန်လည်လုပ်ဆောင်နိုင်ခဲ့တဲ့အတွက် မကြာခင်မှာ အသင်းအတွက် ပြန်ကစားပေးနိုင်ဖွယ်ရှိနေပါတယ်။