ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးအသင်းရဲ့ အမိုးဖွင့်ဘတ်စကားနဲ့ အောင်ပွဲခံမှုကို မေလ ၂၆ ရက်မှာ ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က စပါးအသင်းကို အနိုင်ရပြီးနောက် အသင်း သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက် ပရီးမီးယားလိဂ်ချန်ပီယံဆုကိုရဖို့ သေချာခဲ့တာဖြစ်ပါတယ်။

လီဗာပူး အသင်းရဲ့ အောင်ပွဲခံဘတ်စကားဟာ လီဗာပူးမြို့ အလာတန်မေ့ဇ်ကနေ စတင်ထွက်ခွာမှာဖြစ်ပြီး ၁၅ ကီလိုမီတာ ခရီးကို မောင်းနှင်မှာဖြစ်ကာ ဘလန်ဒယ်လမ်းမှာ အောင်ပွဲခံအခမ်းအနား ပြီးဆုံးမှာဖြစ်ပါတယ်။ နည်းပြစလော့နဲ့ လီဗာပူး အသင်းသားတွေကို တင်ဆောင်လာမယ့် အမိုးဖွင့်ကား အောင်ပွဲခံရာ လမ်းတစ်လျှောက်မှာ လီဗာပူး ပရိသတ် သိန်းပေါင်းများစွာက တန်းစီစောင့်ဆိုင်းနေဖွယ် ရှိတယ်လို့ ခန့်မှန်းထားကြပါတယ်။ ဒီအောင်ပွဲခံ အခမ်း အနားကို လီဗာပူးမြို့တော်ကောင်စီက ပူးပေါင်းပါဝင်ကျင်းပမှာဖြစ်ပြီး အောင်ပွဲခံအခမ်းအနား ကြာမြင့်ချိန်က ၃ နာရီကနေ ၅ နာရီကြား ကြာမြင့်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။

လီဗာပူးအသင်းဟာ သူတို့ရဲ့ ပရီးမီးယားလိဂ် ရာသီပိတ်ပွဲကို မေလ ၂၅ ရက် အန်ဖီးလ်ကွင်းမှာ ပဲလေ့စ်အသင်းနဲ့ ကစားရမှာဖြစ်ပါတယ်။ အောင်ပွဲခံ အခမ်း အနားက လီဗာပူးအသင်းနဲ့ ပတ်သက်တဲ့သူအားလုံးအတွက် မမေ့နိုင်စရာ အခိုက်အတန့်ဖြစ်စေပါလိမ့်မယ်လို့ လီဗာပူး အသင်းကြေညာချက်မှာ ရေးထားပါတယ်။