လီဗာပူးအသင်းရဲ့ ပရီးမီးယားလိဂ်အောင်ပွဲခံမှုအတွင်း ကားတိုက်မှုဖြစ်ရပ်က အကြမ်းဖက်လုပ်ရပ် မဟုတ်ဘူးလို့ မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။ ပရီးမီးယားလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ လီဗာပူးအသင်းဟာ မေလ ၂၆ ရက်က အမိုးဖွင့်ကားနဲ့ လီဗာပူးမြို့အတွင်း လှည့်လည်အောင်ပွဲခံနေစဉ်မှာ ပရိသတ်တွေဆီကို မော်တော်ကား တစ်စီး ဝင်ရောက်လာပြီး မတော်တဆမှု ဖြစ်ပွားခဲ့တာပါ။

ဒီမတော်တဆမှုကြောင့် ၄၇ ယောက် ဒဏ်ရာရခဲ့ပြီး ၂၇ ယောက်ကိုတော့ ဆေးရုံကို အရေးပေါ် ပို့ဆောင်ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။ လူမှုကွန်ရက်မှာ တင်ထားတဲ့ ရုပ်သံဗီဒီယိုမှတ်တမ်းအရ ကားတစ်စီးဟာ လမ်းမပေါ်မှာ စီတန်းအောင်ပွဲခံနေတဲ့ လူအုပ်ထဲကို အရှိန်နဲ့ ဖြတ်မောင်းသွားတာကို တွေ့ခဲ့ရပြီး ရဲတပ်ဖွဲ့ကတော့ ဒီဖြစ်ရပ်က မတော်တဆမှု သက်သက် သာ ဖြစ်တယ်လို့ ထုတ်ပြန်ထားပါတယ်။ လက်တလောမှာတော့ မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့ဟာ အသက် ၅၃ နှစ် အရွယ် ဗြိတိန်လူဖြူတစ်ယောက်ကို ထိန်းသိမ်းထားပြီး သူဟာ ရိုးရိုး သာမန်ကားမောင်းသူတစ်ယောက်သာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ယုံကြည်နေပါတယ်။
လီဗာပူးအသင်းကလည်း ဒီဖြစ်ရပ်အပြီးမှာ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး မာဆေးဆိုက်ဒ်ရဲတပ်ဖွဲ့နဲ့ တိုက်ရိုက်ဆက်သွယ်ကာ မတော်တဆမှုဖြစ်ရပ်နဲ့ ပတ်သက်လို့ စုံစမ်းမှု တွေမှာ ကူညီပေးသွားမှာဖြစ်သလို မတော်တဆမှုကြောင့် ထိခိုက်ခံစားခဲ့ရသူတွေ အမြန်ဆုံး ပြန်လည်ကောင်းမွန် လာဖို့ ဆုတောင်းပေးပါတယ်လို့ ကြေညာချက်မှာ ရေးသားထားပါတယ်။