မတ်လ ၂ ရက်နေ့က ကစားခဲ့တဲ့ ဘရက်စ်အသင်းနဲ့ ပြင်သစ်အမှတ်ပေးပွဲမှာ ကွင်းလယ်ဒိုင်ကို ပြင်းထန်စွာ စောဒက တက်ခဲ့တဲ့ အပြုအမူအတွက် လိုင်ယွန်နည်းပြ ဖွန်ဆီကာကို ၉ လပွဲပယ် ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။ အသက် ၅၂ နှစ်အရွယ် ပေါ်တူဂီလူမျိုးနည်းပြ ဖွန်ဆီကာဟာ အနီကတ်ပြအထုတ်ခံရပြီးနောက် ကွင်းလယ်ဒိုင် မီလော့ရဲ့ မျက်နှာနားအထိ ကပ်ပြီးတော့ ဒေါသတကြီး အော်ဟစ်ပြောဆိုခဲ့တာဖြစ်ပါတယ်။

နည်းပြ ဖွန်ဆီကာကို လိုင်ယွန်အသင်းသားတွေကိုယ်တိုင် ပြန်ထိန်းခဲ့ရတဲ့အခြေအနေအထိ ဖြစ်ခဲ့တာပါ။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့တဲ့ ပြင်သစ်ဘောလုံးအဖွဲ့ချုပ်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ပေါ်တူဂီနည်းပြ ဖွန်ဆီကာကို အရန်ခုံတန်းနဲ့ အဝတ်လဲခန်း အတွင်း ဝင်ရောက်ခွင့်ကို နိုဝင်ဘာလ ၃၀ ရက်နေ့အထိ တားမြစ်ပိတ်ပင်လိုက်တယ်လို့ ပါရှိပါတယ်။ အခုလိုမျိုး ပြစ်ဒဏ်ချမှတ်မှုက မကြုံစဖူး ချမှတ်တာဖြစ်တဲ့အတွက် အသင်းအပေါ် ရိုက်ခတ်လာမှာကို စိုးရိမ်မိတယ်လို့ လိုင်ယွန်အသင်းက ကြေညာခဲ့ပါတယ်။

ဒါ့အပြင် နည်းပြဖွန်ဆီကာရဲ့ အပြုအမူက စိတ်မထိန်းနိုင်တာကြောင့် ဖြစ်ပြီး ဒိုင်လူကြီးကို ကိုယ်ထိလက်ရောက် ကျူးလွန်ဖို့ ဆန္ဒမရှိတာကို တွေ့ရတဲ့အတွက် အယူခံဝင်သွားဖို့ နည်းလမ်းရှာဖွေနေတယ်လို့ လိုင်ယွန်အသင်းက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလကုန်ပိုင်းကမှ လိုင်ယွန်နည်းပြရာထူးကို ရယူထားခဲ့တဲ့ ဖွန်ဆီကာကလည်း သူ့လုပ်ရပ်အတွက် ပြန်တောင်းပန်ထားပါတယ်။