ပီအက်စ်ဂျီအသင်းနဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ လီဗာပူး နောက်ခံလူ အာနိုးဟာ အခုတစ်ပတ်မှာ ကစားရမယ့် နယူးကာဆယ်အသင်းနဲ့ လိဂ်ဖလား ဗိုလ်လုပွဲကို လွဲချော် ဖွယ်ရှိနေတယ်လို သိရပါတယ်။

လီဗာပူးအသင်းဟာ အိမ်ကွင်းမှာကစားခဲ့တဲ့ပွဲမှာ ပီအက်စ်ဂျီအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ရှုးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ကနေ ထွက်ခဲ့ရသလို အာနိုးလည်းဒဏ်ရာရခဲ့တဲ့အတွက် ဆုံးရှုးမှု များခဲ့ရတယ်လို ပြောရမှာဖြစ်ပါတယ်။ အာနိုးဟာ ပီအက်စ်ဂျီအသင်းရဲ့ဘောလုံးကန်တင်မှုကို ဖျက်ထုတ်ရင်း ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာဖြစ်ပြီး ၇၃ မိနစ်မှာ နောက်ခံလူ ကွမ်ဆက်နဲ့ လူစားလဲခြင်းကို ခံခဲ့ရတာဖြစ်ပါတယ်။အာနိုးဒဏ်ရာရတဲ့အနေအထားက ကောင်းမွန်တဲ့လက္ခဏာမဟုတ်သလို တနင်္ဂနွေနေ့မှာကစားမယ့် လိဂ်ဖလား ဗိုလ်လုပွဲမှာ သူကစားနိုင်မယ်ဆိုရင် တော်တော်လေး အံ့အားသင့်စရာ ကောင်းပါလိမ့်မယ်လို လီဗာပူးနည်းပြ စလော့က ပြောသွားခဲ့ပါတယ်။

လီဗာပူးအသင်းရဲ့ အခြားနောက်ခံလူတစ်ဦးဖြစ်တဲ့ ကိုနာတီကိုလည်း အချိန်ပို ဒုတိယပိုင်းမှာ လူစားလဲခဲ့ရပြီး ဒါက ပွဲဆက်များတာကြောင့် ကစားသမားတွေပင်ပမ်းနွမ်းနယ်မှုရဲ့ အကျိုးဆက် ဖြစ်တယ်လို နည်းပြစလော့က ပြောပါတယ်။