မတ်လ ၁၆ ရက် ဝင်ဘလေကွင်းမှာ ကစားမယ့် နယူးကာဆယ်အသင်းနဲ့ လီဗာပူးအသင်းတို့ လိဂ်ဖလား ဗိုလ်လုပွဲ ကို ကွင်းလယ်ဒိုင်လူကြီး ဂျွန်ဘရွတ်ခ် တာဝန်ယူမှာဖြစ်တယ်လို့ သိရပါတယ်။ လက်ထောက်ဒိုင်လူကြီးတွေအဖြစ် အက်ဒီစမတ်နဲ့ ဂရင်းဟဲလ်တို့က တာဝန်ယူသွားမှာဖြစ်သလို VAR ဒိုင်လူကြီးအဖြစ် အက်ဝဲလ်က တာဝန်ယူသွား မှာ ဖြစ်တယ်လို့ EFL ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ဂျွန်ဘရွတ်ခ်ဟာ နယူးကာဆယ်နဲ့ လီဗာပူးအသင်းတို့ ၂၀၂၃ ဩဂုတ်လက ကစားခဲ့တဲ့ ပွဲစဉ်ကို တာဝန်ယူခဲ့ဖူးသူဖြစ်ပြီး အဲဒီပွဲမှာ လီဗာပူးအသင်းခေါင်းဆောင် နောက်ခံ လူ ဗန်ဒိုက်ချ်ကို အနီကတ်နဲ့ ထုတ်ပယ်ခဲ့ဖူးတာ ဖြစ်ပါတယ်။ အဲဒီအနီကတ်နဲ့ပတ်သက်လို့ ဒိုင်လူကြီးကို ပြန်လည် တုံ့ပြန်ခဲ့တဲ့ အပြုအမူအတွက် ဗန်ဒိုက်ချ်ဟာ အပိုပွဲပယ်ပြစ်ဒဏ်နဲ့ ဒဏ်ကြေးတွေ ပေးဆောင်ခဲ့ရပါတယ်။

ဒါ့အပြင် ဘရွတ်ခ်ဟာ အခုရာသီ လိဂ်ဖလား ဆီမီးဖိုင်နယ်ပွဲစဉ်တစ်ပွဲဖြစ်တဲ့ အာဆင်နယ်နဲ့ နယူးကာဆယ်အသင်းတို့ အမ်းမရိတ်စ်ကွင်းမှာ ကစားခဲ့တဲ့ပထမအကျော့ပွဲကိုလည်း တာဝန်ယူခဲ့ဖူးပြီး အဲဒီပွဲမှာ နယူးကာဆယ်အသင်းက ၂ ဂိုးပြတ်နဲ့ အနိုင်ရခဲ့ပါတယ်။ လိဂ်ဖလား ဗိုလ်လုပွဲမှာ လီဗာပူးအသင်းက စံချိန်တင်အဖြစ် လိဂ်ဖလားကို ၁၁ ကြိမ် မြောက်ရရှိဖို့ ကြိုးစားရမှာဖြစ်ပြီး နယူးကာဆယ်ကတော့ ၁၉၅၅ နောက်ပိုင်း ဆုဖလားလက်မဲ့ဖြစ်နေမှုကို အဆုံး သတ်နိုင်ဖို့ ကြိုးစားရမှာ ဖြစ်ပါတယ်။