လာမယ့် ဇူလိုင်လထဲမှာ အသက် ၃၈ နှစ်ပြည့်တော့မယ် တိုက်စစ်မှူး ပက်ဒရိုဟာ လာဇီယိုအသင်းနဲ့ ၂၀၂၆ အထိ သက်တမ်းရှိတဲ့ စာချုပ်ကို ချုပ်ဆိုဖို့အတွက် နီးစပ်နေပြီလို့ သိရပါတယ်။ စပိန်လက်ရွေးစင်ဟောင်း ပက်ဒရိုဟာ ၂၀၂၁ ခုနှစ်ကတည်းက လာဇီယိုအသင်းကို ရောက်ရှိနေတာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ ၄ ခုအတွင်း ပြိုင်ပွဲစုံ ၁၇၅ ပွဲကစားပြီး ၃၄ ဂိုး သွင်းယူပေးထားနိုင်ခဲ့ပါတယ်။

အခုရာသီမှာလည်း ပြိုင်ပွဲစုံ ၄၁ ပွဲမှာ သွင်းဂိုး ၁၄ ဂိုးအထိ သွင်းယူပေးထားပြီး လာဇီယိုကစားသမားဘဝ သွင်းဂိုးအများဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်ထားပါတယ်။ ဒါ့ကြောင့် လည်း လာဇီယိုအသင်းဟာ တိုက်စစ်မှာ အားကိုးနေရတဲ့ ပက်ဒရိုကို အခုလိုမျိုး စာချုပ်သစ် ချုပ်ဆိုဖို့ စီစဉ်ခဲ့တာ ဖြစ်ပြီး သတင်းတွေအရတော့ စာချုပ်သစ်အတွက် နှစ်ဖက်သဘောတူညီမှု ရရှိထားကာ လက်မှတ်ထိုးဖို့သာ ကျန်တော့တယ်လို့ သိရပါတယ်။

အခုရာသီအကုန် စာချုပ်ပြည့်ချိန်မှာ ကစားသမားဘဝက အနားယူဖို့ စဉ်းစား ထားပေမယ့် လာဇီယိုအသင်းဘက်က စာချုပ်သစ် ကမ်းလှမ်းခဲ့တဲ့အတွက် အနားယူဖို့ကို ရွှေ့ဆိုင်းလိုက်ပြီး ကစား သမားဘဝ ဆက်သွားဖို့ ပက်ဒရိုက ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။ လက်ရှိမှာ တစ်နှစ် လုပ်အားခ ယူရို ၂ ဒသမ ၂ သန်းရနေတဲ့ ပက်ဒရိုအနေနဲ့ ရာသီကုန်မှာ လာဇီယိုအသင်း ဥရောပပြိုင်ပွဲ ဝင်ခွင့်ရတဲ့ အခြေအနေ ပေါ်မူတည်ပြီး လစာအပြောင်းအလဲ ရှိနိုင်တယ်လို့ သိရပါတယ်။