အသက် ၆၆ နှစ်အရွယ် အီတလီလူမျိုးဝါရင့်နည်းပြ ဆာရီဟာ လွန်ခဲ့တဲ့ ၁၅ လကျော်က နုတ်ထွက်လာခဲ့တဲ့ လာဇီယိုအသင်း နည်းပြရာထူးကို ပြန်လည်ရယူတော့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီ စီးရီးအေမှာ လာဇီယို အသင်း အဆင့် ၇ သာရခဲ့ပြီးနောက် နည်းပြ ဘာရိုနီကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဆာရီကို ပြန်လည်ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

ဆာရီဟာ ၂၀၂၄ မတ်လမှာ အသင်းရလဒ်တွေဆိုးရွားနေသလို အသင်းရဲ့အပြောင်းအရွှေ့ လုပ်ဆောင်မှုတွေကိုလည်း သဘောမကျတဲ့အတွက် လာဇီယိုနည်းပြရာထူးကနေ နုတ်ထွက်သွားခဲ့တာပါ။ ဆာရီပြန်လည်ရောက်ရှိလာခြင်းနဲ့အတူ အသင်းမှာ စိတ်အားထက်သန်မှုတွေ ပြန်လည်ရရှိလာတော့မှာဖြစ်တယ် လို့ လာဇီယိုအသင်းကြေညာချက်မှာရေးသားထားပါတယ်။ ဆာရီဟာ ၂၀၁၃-၁၄ ဘောလုံးရာသီမှာ အမ်ပိုလီ အသင်းကို စီးရီးအေတန်းတက်ခွင့်ရအောင် လုပ်ဆောင်ပေးနိုင်မှုနဲ့အတူ နာမည်ကြီးလာခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် နာပိုလီ အသင်းကိုလည်း စီးရီးအေအမှတ်ပေးဇယား ဒုတိယနေရာရအောင် ဦးဆောင်ပေးနိုင်ခဲ့လို့ ဆာရီဟာ ၂၀၁၆-၁၇ ဘောလုံးရာသီ စီးရီးအေအကောင်းဆုံးနည်းပြဆုကို ရရှိခဲ့ပါတယ်။ ဆာရီဟာ ချဲလ်ဆီး အသင်းနဲ့လည်း ယူရိုပါလိဂ်ရယူနိုင်ခဲ့သေးသလို ဂျူဗင်တပ်အသင်းနဲ့လည်း ၂၀၁၉-၂၀ စီးရီးအေချန်ပီယံဆုကို ရရှိထားခဲ့တာဖြစ်ပါတယ်။ဆာရီဟာ လာဇီယိုအသင်းကို ၂၀၂၁ ဇွန်လမှာ ရောက်လာခဲ့ပြီး ၂၀၂၂-၂၃ ဘောလုံး ရာသီမှာ စီးရီးအေ အမှတ်ပေးဇယား ဒုတိယနေရာရအောင် ဦးဆောင်ပေးထားနိုင်ခဲ့သူဖြစ်ပါတယ်။