စိတ်ပျက်စရာ ဘောလုံးရာသီတစ်ခုဖြစ်ခဲ့သလို ရာသီအကုန်မှာ ချန်ပီယံရှစ်ကို တန်းပြန်ဆင်းရတော့မှာ ဖြစ်တဲ့ အတွက် ပရိသတ်တွေကို တောင်းပန်တယ်လို့ လက်စတာတိုက်စစ်မှူး ဗာဒီက ပြောသွားခဲ့ပါတယ်။

တနင်္ဂနွေ ညက လီဗာပူးအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် လက်စတာအသင်း ရာသီအကုန်မှာ တန်းဆင်းရဖို့ သေချာသွားခဲ့တာ ဖြစ်ပါတယ်။ လက်စတာအသင်းအတွက်တော့ နောက်ဆုံးဘောလုံးရာသီ ၃ ခုအတွင်း ၂ ကြိမ် မြောက် တန်းဆင်းရတာ ဖြစ်ပါတယ်။ အခုချိန်မှာ ခံစားနေရမှုအတွက် ဖော်ပြစရာ စကားလုံးမရှိသလို ဘောလုံး ရာသီတစ်ခုလုံးက စိတ်ပျက်စရာတွေပဲ ဖြစ်နေခဲ့တဲ့အတွက် ဆင်ခြေပေးစရာ မရှိပါဘူးလို့ ဗာဒီက သူ့ရဲ့ လူမှု ကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

၂၀၁၅-၁၆ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ လက်စတာ အသင်းမှာ ပါဝင်ခဲ့တဲ့ ဗာဒီဟာ အခုရာသီ လက်စတာအသင်းအတွက် အကောင်းဆုံးကစားပေးခဲ့ပေမယ့် အသင်း ကို တန်းဆင်းဇုန်က လွတ်အောင် ကူညီမပေးနိုင်ခဲ့တာဖြစ်ပါတယ်။ ဗာဒီဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ချန်ပီယံရှစ် မှာ သွင်းဂိုး ၁၈ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့ပေမယ့် အခုရာသီ ပရီးမီးယားလိဂ်မှာတော့ သွင်းဂိုး ၇ ဂိုးသာ သွင်းယူ ပေးထားနိုင်ခဲ့တာ ဖြစ်ပါတယ်။