ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ဟာ ဧပြီလ ၂၁ ရက်က ကွယ်လွန်သွားခဲ့တဲ့အတွက် ရွှေ့ဆိုင်းထားခဲ့တဲ့ စီးရီးအေ ပွဲစဉ် ၄ ပွဲကို ဧပြီလ ၂၃ ရက်ညမှာ ပြန်ကစားဖို့အတွက် စီးရီးအေက သတ်မှတ်လိုက်ပါတယ်။ ဧပြီလ ၂၁ ရက်ညမှာ ကစားဖို့ရှိနေတဲ့ တိုရီနို-အူဒီးနီးစ်၊ ကက်ဂလီယာရီ- ဖီအိုရင်တီးနား၊ ဂျီနိုအာ-လာဇီယိုနဲ့ ပါးမား-ဂျူဗင်တပ် ပွဲတွေကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး အခုပွဲတွေကို ဧပြီ ၂၃ ရက်ညမှာ ပြန်ကစားဖို့ကို ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။

အစောပိုင်းက အခုပွဲတွေကို ဒီတစ်ပတ်ထဲ ပြန်ကစားစေမှာ မဟုတ်ဘူးလို့ သတင်းထွက်ခဲ့ပေမယ့် နောက်ပိုင်းမှာ ပွဲစဉ်ဇယား ကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်ရနိုင်တာကြောင့် အခုတစ်ပတ်ထဲမှာပဲ ပြန်ကစားဖို့ကို ပြောင်းလဲစီစဉ်လိုက်ရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အခုကြားရက်ထဲမှာ ကစားဖို့စီစဉ်ထားခဲ့တဲ့ ကိုပါအီတာလီယာ ဆီမီးဖိုင်နယ် ဒုတိယအကျော့ ပွဲတွေကိုလည်း မူလအတိုင်း ကစားစေမှာဖြစ်တယ်လို့ စီးရီးအေက သတင်းထုတ်ပြန် ထားပါ တယ်။ ဧပြီ ၂၃ ရက်ညမှာ ပွဲတွေ ပြန်ကစားဖို့ ဆုံးဖြတ်ခဲ့မှုအပေါ် စဉ်းစားပေးဖို့ လာဇီယိုအသင်းဘက်က တောင်း ဆိုထားပါတယ်။

လာဇီယိုအသင်းအနေနဲ့ ဧပြီ ၂၃ ရက် ဗာတီကန်မှာ ပြုလုပ်မယ့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ် ဂုဏ်ပြုပွဲကို ဝင်ရောက်ပါဝင်ဖို့ စီစဉ်ထားတာဖြစ်ပြီး အခုတော့ ဒီအစီအစဉ်ကို ဖျက်သိမ်းရဖို့ ရှိနေတာ ဖြစ်ပါတယ်။ ပွဲစဉ် ပြန်ကစားဖို့ ဆုံးဖြတ်ချက်ချရာမှာ အသင်းတွေနဲ့ တိုင်ပင်တာ မရှိခဲ့ဘူးလို့လည်း လာဇီယိုအသင်းဥက္ကဋ္ဌ လော့တီတိုက စွပ်စွဲပြောကြားထားပါတယ်။