ဗုဒ္ဓဟူးညက ယှဉ်ပြိုင်ကစားခဲ့တဲ့ နေးရှင်းလိဂ် ဆီမီးဖိုင်နယ်ပွဲမှာ ပေါ်တူဂီအသင်းက ဂျာမနီအသင်းကို ၂ ဂိုး – ၁ ဂိုး နဲ့အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားခဲ့ပါတယ်။ မြူးနစ်မြို့က အလိုင်းရင့်ဇ်အရီနာမှာ ကစားခဲ့တာဖြစ်လို့ အိမ်ရှင် ဂျာမနီအသင်း ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့ပေမယ့် ပေါ်တူဂီကွင်းလယ်နဲ့ တိုက်စစ်က ပိုပြီးတော့ အလုပ်ဖြစ်ခဲ့ တာကို တွေ့ရပါတယ်။

ဒုတိယပိုင်းပြန်စပြီး ၃ မိနစ်အကြာမှာ ဂျာမနီအသင်းအတွက် ကွင်းလယ်ကစားသမား ဖလိုရီယန် ဝှစ်ဇ်က ဦးဆောင်ဂိုး စသွင်းခဲ့လို့ ပေါ်တူဂီအသင်း နောက်က လိုက်ကစားခဲ့ရပါတယ်။ ပေါ်တူဂီနည်းပြ မာတီနက်ဇ်က ကွင်းလယ်မှာ ဗီတင်ဟာနဲ့ ကွန်ဆေးဆောင်းတို့ကို လူစားလဲခဲ့ပြီးနောက် ပေါ်တူဂီ တိုက်စစ် ပိုကောင်းလာခဲ့ပြီး ဂျာမနီခံစစ်ကို ဖိအားပေးလာနိုင်ခဲ့ပါတယ်။ ပွဲကစားချိန် ၆၃ မိနစ်မှာတော့ နောက်ခံလူ ဒီယက်ဇ်ရဲ့ ဖန်တီးပေးမှုကနေ ကွန်ဆေးဆောင်းက ပေါ်တူဂီအသင်းအတွက် ချေပဂိုး ပြန်သွင်းနိုင်ခဲ့သလို နောက်ထပ် ၅ မိနစ်အကြာမှာ နူနိုမန်ဒက်စ်ရဲ့ ဖန်တီးမှုကနေ ရော်နယ်ဒိုက ပေါ်တူဂီအသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ဂျာမနီအသင်း လူစားလဲတာတွေ ပြုလုပ်ပြီး ချေပဂိုးရဖို့ ကြိုးစားခဲ့ပေမယ့် ပေါ်တူဂီ အသင်းက ပွဲပြီးတဲ့အထိ အနိုင်ရလဒ်ကို ထိန်းကစားခဲ့ပြီး ဗိုလ်လုပွဲကို တက်သွားခဲ့ပါတယ်။ ရော်နယ်ဒိုအတွက် လက်ရွေးစင် ပွဲပေါင်း ၂၂၀ မှာ သွင်းဂိုး ၁၃၇ ဂိုးမြောက်ကို သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ကစားသမားဘဝ ကလပ်နဲ့ နိုင်ငံတကာ သွင်းဂိုးစုစုပေါင်းက ၉၃၇ ဂိုးအထိ ရှိလာခဲ့ပြီ ဖြစ်ပါတယ်။