ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ အကြီးဆုံးသားဖြစ်တဲ့ ရော်နယ်ဒို ဂျူနီယာကို ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းက ရွေးချယ်လိုက်တယ်လို့ သိရပါတယ်။ အသက် ၁၄ နှစ်အရွယ် ရော်နယ်ဒိုဂျူနီယာဟာ လက်ရှိမှာ ဖခင်ဖြစ်သူကစားနေတဲ့ ဆော်ဒီကလပ် အယ်နာဆာအသင်းရဲ့ လူငယ်အသင်းမှာ ပါဝင်ကစားနေတာ ဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ရော်နယ်ဒိုက သားဖြစ်သူရဲ့နာမည်ပါဝင်တဲ့ ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင် အသင်းလူစာရင်းပုံကို တင်ပြီး သားဖြစ်သူအတွက် ဂုဏ်ယူကြောင်း ရေးသားခဲ့တာပါ။ မေလ ၁၃ ရက်ကနေ ၁၈ ရက်အတွင်း ခရိုအေးရှားနိုင်ငံမှာ ကျင်းပမယ့် လူငယ်ပြိုင်ပွဲအတွက် ပေါ်တူဂီ ယူ-၁၅ လက်ရွေးစင်အသင်းမှာ ရော်နယ်ဒိုဂျူနီယာ ပါဝင်ခဲ့တာဖြစ်ပြီး ပေါ်တူဂီအသင်းဟာ အဲဒီပြိုင်ပွဲမှာ ဂျပန်၊ ဂရိ၊ အင်္ဂလန်အသင်းတွေနဲ့ ကစားရမှာ ဖြစ်ပါတယ်။

ရော်နယ်ဒိုဂျူနီယာဟာ သူ့ရဲ့ လူငယ်ကစားသမားဘဝကို ဖခင်ဖြစ်သူ ကစားခဲ့တဲ့ နာမည်ကြီးကလပ်အသင်းတွေမှာ ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။ သတင်းတွေအရ ရော်နယ်ဒိုဂျူနီယာဟာ အီတလီကလပ်ဂျူဗင်တပ်အသင်းမှာ ကစားနေတုန်းက တစ်ရာသီကို သွင်းဂိုး ၅၈ ဂိုးအထိ သွင်းယူနိင်ခဲ့တယ်လို့ သိရပါတယ်။ မန်ယူအသင်းကို ရော်နယ်ဒို ဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာချိန်မှာလည်း ရော်နယ်ဒို ဂျူနီယာဟာ ရွန်းနေးရဲ့ သားဖြစ်သူ ကိုင်ရွန်းနေးနဲ့ မန်ယူလူငယ်အသင်းတွေမှာ တွဲဖက် ကစားခဲ့ဖူးတာ ဖြစ်ပါတယ်။