အိုဆာဆူနာအသင်းနဲ့ပွဲမှာ အနီကတ်ပြထုတ်ပယ်ခံခဲ့ရတဲ့ ရီးရဲလ်ကွင်းလယ်လူ ဘယ်လင်ဟမ်ဟာ ၁၂ ပွဲပယ် ပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိနေပါတယ်။အိုဆာဆူနာအသင်းနဲ့ တစ်ဂိုးစီသရေကျတဲ့ပွဲရဲ့ ပွဲချိန် ၃၉ မိနစ်မှာ ကွင်းလယ်ဒိုင်လူကြီးကို ပြင်းထန်တဲ့စကားလုံးတွေနဲ့ ဆဲရေးခဲ့တယ်ဆိုပြီး ဘယ်လင်ဟမ်ကို အနီကတ်ပြ ထုတ်ပယ်လိုက်တာဖြစ်ပါတယ်။

ဘယ်လင်ဟမ်ကတော့ ဒါက နားလည်မှု မှားယွင်းတာဖြစ်ပြီး ကိုယ့်ကိုကိုယ် အားမရဖြစ်ပြီး ပြောဆိုခဲ့တာသာဖြစ်တယ်လို့ ပြန်လည်ဖြေရှင်းခဲ့တာပါ။ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ စည်ကမ်းချက် ထဲမှာတော့ ကွင်းလယ်ဒိုင်အပါအဝင် ဒိုင်လူကြီးတွေနဲ့ ပွဲတာဝန်ရှိသူတွေကို ပြင်းထန်တဲ့ စကားလုံးတွေနဲ့ ဆဲရေးခဲ့ကြောင်း စစ်ဆေးတွေ့ရှိမယ်ဆိုရင် အနည်းဆုံး ၄ ပွဲကနေ အမြင့်ဆုံး ၁၂ ပွဲအထိ ပွဲပယ်ပြစ်ဒဏ် ချမှတ် နိုင်ကြောင်း ရေးသားထားပါတယ်။

ဒါ့ကြောင့် ဘယ်လင်ဟမ်အနေနဲ့ ကွင်းလယ်ဒိုင်ကို ဆဲရေးခဲ့ကြောင်း စစ်ဆေး တွေ့ရှိမယ်ဆိုရင် အထက်က စည်းကမ်းချက်အတိုင်း အရေးယူခံရဖွယ်ရှိနေတာပါ။ ရီးရဲလ်နည်းပြ အန်ဆလော့တီ ကတော့ သူ့ကစားသမားဘက်ကနေ ကာကွယ်သွားခဲ့ပြီး ဘယ်လင်ဟမ်ရဲ့ အင်္ဂလိပ်လို ပြောကြားမှုအပေါ် စပိန်ဒိုင် အနေနဲ့ နားလည်မှုလွဲခဲ့တာ ဖြစ်နိုင်တယ်လို့ ပြောထားပါတယ်။ ရီးရဲလ်အသင်းဘက်က ဘယ်လင်ဟမ်ရဲ့ အနီကတ်ကို အယူခံဝင်သွားမှာဖြစ်တယ်လို့ ကြေညာချက်ထုတ်ပြန်ထားပါတယ်။