ရီးရဲလ်အသင်းနဲ့ သူ့အကြားမှာ ဘာပြဿနာမှမရှိဘူးလို့ ရာသီအကုန်မှာ ဘရာဇီးလက်ရွေးစင်အသင်းကို ပြောင်းလဲ တာဝန်ယူမယ့် နည်းပြ အန်ဆလော့တီက ပြောသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဘရာဇီး ဘောလုံးအဖွဲ့ချုပ်က အန်ဆလော့တီကို နည်းပြသစ် ခန့်လိုက်ပြီဆိုတဲ့အကြောင်း အတည်ပြုခဲ့သလို အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း အန်ဆလော့တီက ရာသီအကုန်မှာ ရီးရဲလ်ကနေ ထွက်မယ့်သတင်း ကို အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

ရီးရဲလ်အသင်းဘက်ကတော့ အခုချိန်ထိ နည်းပြရာထူးနဲ့ ပတ်သက်လို့ ဘာထုတ်ပြန်ချက်မှ မလုပ်သေးပါဘူး။ ရီးရဲလ်အသင်းအနေနဲ့ သူတို့အလိုရှိတဲ့အချိန်မှာ ထုတ်ပြန်ချက်ကို အသိ ပေးပါလိမ့်မယ်လို့ အန်ဆလော့တီက ပြောသွားခဲ့ပါတယ်။ သူ့အနေနဲ့ ရီးရဲလ်အသင်းရဲ့ ရာသီလက်ကျန် ပွဲတွေ ပြီးတဲ့အချိန်အထိ အသင်းနဲ့အတူ ရှိသွားမှာဖြစ်သလို ရီးရဲလ်အသင်းနဲ့ အခန်းကဏ္ဍကို နောက်ဆုံးအချိန်ထိ အတူအဆုံးသတ်သွားချင်ပါတယ်လို့ ပြောသွားခဲ့ပါတယ်။ ဘရာဇီးအသင်း နည်းပြ တာဝန်က သူ့အတွက် ကြီးမား တဲ့ စိန်ခေါ်မှုဖြစ်သလို ရီးရဲလ်အသင်းနဲ့ ၂၀၂၆ အထိ စာချုပ်ရှိပေမယ့် အခုလို ထွက်ခွာမှုက ပြဿနာ တစ်စုံတစ်ရာ ကြောင့် မဟုတ်ဘူးလို့လည်း အန်ဆလော့တီက ဖြေရှင်းသွားခဲ့ပါတယ်။