မန်စီးတီးနောက်ခံလူ အကန်ဂျီဟာ ဒဏ်ရာပြဿနာကြောင့် လာမယ့် ပွဲစဉ် ၃ ပွဲလောက်ကို လွဲချော်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဆွစ်ဇာလန်လက်ရွေးစင် အကန်ဂျီဟာ အီတီဟတ်ကွင်းမှာ ရီးရဲလ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ် ပထမပိုင်းမှာ လူစားလဲခံလိုက်ရတာဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ အခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲအဖြစ် စနေညမှာ နယူးကာဆယ်အသင်းနဲ့ ကစားရမှာဖြစ်ပြီး လာမယ့်ကြားရက်မှာ စပိန်နိုင်ငံ မက်ဒရစ်မြို့ကို သွားရောက်ကာ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ပလေးအော့ဖ် ဒုတိယအကျော့ကို ကစားရမှာဖြစ်ပါတယ်။ ရီးရဲလ် နဲ့ပွဲအပြီးမှာတော့ ပရီးမီးယားလိဂ် ပွဲကျပ်အဖြစ် လီဗာပူးအသင်းနဲ့ ဆက်တိုက်ကစားရဖို့ ရှိနေတာပါ။

အကန်ဂျီရဲ့ ဒဏ်ရာ မပြင်းထန်ဖို့ မျှော်လင့်ထားတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောထားပါတယ်။ မန်စီးတီးအသင်း ဟာ အခုရာသီမှာ ခံစစ်ကစားသမားတွေ မကြာခဏ ဒဏ်ရာရတာတွေနဲ့ ရင်ဆိုင်နေရတာပါ။ ဒါ့ကြောင့်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့မှာ ခူဆာနော့ဗ်နဲ့ ဗစ်တာရီးစ်တို့လို ခံစစ်ကစားသမားတွေကို ခေါ်ယူထားခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ အကန်ဂျီ ဒဏ်ရာရသွားပေမဲ့ စတုန်း၊ အကီနဲ့ ဒီယက်စ်တို့လို ခံစစ်ကစားသမားတွေ ကတော့ ဒဏ်ရာက ပြန်ကောင်းလာခဲ့လို့ နည်းပြဂွါဒီယိုလာအတွက် စိတ်သက်သာစရာ ဖြစ်ခဲ့ပါတယ်။