မန်စီးတီးအသင်းနဲ့ပွဲမှာ ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ရီးရဲလ်အသင်းနဲ့အတူ သမိုင်းသစ် ရေးထိုးချင်တယ်လို့ တိုက်စစ်မှူး အမ်ဘာပေက ပြောကြားလိုက်ပါတယ်။ မန်စီးတီးအသင်းနဲ့ ပထမအကျော့မှာ အသင်းအတွက် တစ်ဂိုး သွင်းယူပေးခဲ့တဲ့ အမ်ဘာပေဟာ ဗုဒ္ဓဟူးညက ကစားခဲ့တဲ့ ဒုတိယအကျော့ အိမ်ကွင်းပွဲမှာလည်း အသင်း အတွက် ဟက်ထရစ် သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

အမ်ဘာပေဟာ ပွဲချိန်တောက်လျှောက် မန်စီးတီးခံစစ်ကို ဒုက္ခပေးနိုင်ခဲ့သလို ရီးရဲလ်ကစားသမားဘဝ အကောင်းဆုံးပွဲတစ်ပွဲကိုလည်း ပိုင်ဆိုင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ နွေရာသီမှာ ပီအက်စ်ဂျီအသင်းကနေ ရီးရဲလ်အသင်းကို ပြောင်းရွှေ့လာခဲ့ပြီးနောက် အမ်ဘာပေဟာ သူ့ရဲ့ခြေစွမ်း ကို စောင့်ကြည့်အကဲဖြတ်မှုနဲ့ ရင်ဆိုင်ခဲ့ရသလို ရီးရဲလ်အသင်းနဲ့ အစပိုင်းမှာလည်း အထိုင်ကျဖို့ ရုန်းကန်ခဲ့ရတာပါ။

အသင်းမှာအထိုင်ကျဖို့ ယူခဲ့ရတဲ့ အချိန်တွေ ပြီးဆုံးသွားပြီဖြစ်လို့ အခုကစပြီး သူ့ရဲ့အရည်အသွေးကို ပြသရမယ့် အချိန်ရောက်ပါပြီလို့လည်း အမ်ဘာပေက ပြောသွားခဲ့ပါတယ်။၂၆ နှစ်အရွယ် တိုက်စစ်မှူး အမ်ဘာပေဟာ ရီးရဲလ်အသင်းအတွက် အခုရာသီ ပြိုင်ပွဲစုံ သွင်းဂိုး ၂၇ ဂိုးအထိ သွင်းယူပေးထားပြီး ရီးရဲလ်နည်းပြ အန်ဆလော့တီကတော့ အမ်ဘာပေဟာ ရော်နယ်ဒိုရဲ့ခြေရာကို လိုက်နင်း နိုင်လိမ့်မယ်လို့ သုံးသပ်ထားပါတယ်။