ရီးရဲလ်မက်ဒရစ်အသင်းရဲ့ ဂန္ထဝင်ကစားသမားဟောင်း ဘရာဇီးနောက်ခံလူ မာဆယ်လိုဟာ ဘောလုံးလောက ကနေ အနားယူကြောင်း ဖေဖော်ဝါရီ ၆ ရက်မှာ သူ့ရဲ့ ဆိုရှယ်မီဒီယာကနေတစ်ဆင့် ကြေညာခဲ့ပါတယ်။ ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဘရာဇီးအသင်းရဲ့ သမိုင်းတစ်လျှောက် အကောင်းဆုံးကစားသမားတွေထဲက တစ်ယောက်ဖြစ်တဲ့ မာဆယ်လိုဟာ အနားယူချိန်မှာ အသက် ၃၆ နှစ် ရှိပြီဖြစ်ပါတယ်။
အသက် ၁၈ နှစ်အရွယ် ၂၀၀၇ ခုနှစ်မှာ ရီးရဲလ်မက်ဒရစ်ကို ရောက်ရှိလာခဲ့တဲ့ မာဆယ်လိုဟာ လာလီဂါမှာ ၁၅ နှစ်ကြာကစားခဲ့ပါတယ်။ ဒီ ၁၅ နှစ်အတွင်း ချန်ပီယံလိဂ်ဖလား ၅ ကြိမ်နဲ့ လာလီဂါ ၆ ကြိမ် ရရှိခဲ့ပြီး တစ်ဦးချင်း ဆုတံဆိပ်အများအပြား ရရှိခဲ့သလို ရီးရဲလ်မက်ဒရစ် အသင်းခေါင်းဆောင်ဟောင်းလည်း ဖြစ်ပါတယ်။ဘာနေဗျူးမှာ ဖြတ်သန်းခဲ့ရတဲ့ မှော်ဆန်တဲ့ ညတွေ အများကြီးအတွက် ဂုဏ်ယူကြောင်းနဲ့ ကစားသမားဘဝ သူ့ရဲ့ ခရီးက ဒီမှာပဲ အဆုံးသတ်ခဲ့ပြီလို မာဆယ်လိုက သူ့ရဲ့ ဆိုရှယ်မီဒီယာ ဗီဒီယိုမှာ ပြောကြားခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်အသင်းဥက္ကဋ္ဌ ဖလော်ရန်တီနိုပီရက်ဇ်ကလည်း “မာဆယ်လိုဟာ ရီးရဲလ်မက်ဒရစ်နဲ့ ကမ္ဘာ့ဘောလုံး သမိုင်းမှာ အကြီးကျယ်ဆုံး ဘယ်နောက်ခံလူတွေထဲက တစ်ယောက်ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်က အမြဲတမ်း သူ့အိမ်ဖြစ်မှာပါ” လို ပြောခဲ့ပါတယ်။မာဆယ်လိုဟာ ၂၀၂၁-၂၀၂၂ ရာသီကုန်မှာ ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာခဲ့ပြီး ဂရိကလပ် အိုလံပီယာကိုစ်ကို ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဒီနောက် ၂၀၂၃ ခုနှစ်မှာတော့ ငယ်ဘဝကလပ်အသင်း ဖလူမင်နန့်စ်ကို ပြန်လည် ရောက်ရှိခဲ့ပြီး ပြီးခဲ့တဲ့နှစ် နိုဝင်ဘာမှာ အသင်းနဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။