လီဗာပူးနည်းပြဟောင်း ကလော့ပ်ဟာ လာမယ့်ရာသီမှာ ရိုးမားအသင်းနည်းပြသစ် ဖြစ်လာမယ်ဆိုတဲ့ သတင်း တွေကို ကလော့ပ်ရဲ့ အေးဂျင့်ဖြစ်သူက ငြင်းဆိုသွားခဲ့ပါတယ်။ ၂၀၂၃-၂၄ ဘောလုံးရာသီအကုန်မှာ လီဗာပူး အသင်းကနေ ထွက်ခွာလာခဲ့တဲ့ ကလော့ပ်ဟာ လက်ရှိမှာတော့ ရက်ဘူးလ်ရဲ့ ကမ္ဘာလုံးဆိုင်ရာ ဘောလုံး အကြီး အကဲအဖြစ် ၂၀၂၉ အထိ စာချုပ်ရှိထားသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ဂျာမနီလူမျိုးနည်းပြ ကလော့ပ်ဟာ လက်ရှိ အလုပ် အကိုင်က စိတ်လှုပ်ရှားဖို့ မကောင်းတဲ့အတွက် နည်းပြလောကထဲကို ပြန်လာဖို့အတွက် စိတ်ဝင်စားနေတယ်လို့ သတင်းတွေက ဖော်ပြခဲ့ကြတာပါ။ အီတလီမီဒီယာတွေကလည်း ကလော့ပ်ဟာ ရာသီအကုန်မှာ ရိုးမားအသင်း ကနေ ထွက်ခွာတော့မယ့် နည်းပြ ရေနီယာရီရဲ့နေရာမှာ ဝင်ရောက်ဖို့အတွက် ရိုးမားအသင်းပိုင်ရှင်တွေနဲ့ သဘော တူညီမှု ရထားပြီဖြစ်တယ်လို့ ဖော်ပြခဲ့ကြတာကြောင့် ဘောလုံးလောကထဲကို ကလော့ပ် ပြန်ရောက်လာမလား ဆိုတာကို အားလုံးက စိတ်ဝင်စားနေခဲ့ကြပါတယ်။

ဒါပေမဲ့ ကလော့ပ်ရဲ့ အေးဂျင့်ဖြစ်သူ ကိုဆစ်ကီက ရိုးမား အသင်းနဲ့ ပတ်သက်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေက အမှန်မဟုတ်သလို ကလော့ပ်ကလည်း လက်ရှိ အလုပ်အကိုင်မှာ ပျော်ရွှင်နေပါတယ်လို့ ပြန်လည် ဖြေရှင်းသွားခဲ့တာပါ။ အသက် ၅၇ နှစ်အရွယ် ကလော့ပ်ဟာ ပြီးခဲ့တဲ့လတုန်းကလည်း ရီးရဲလ်နည်းပြသစ် ဖြစ်လာတော့မယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ဖူးပါတယ်။