အခုနှစ် ဘောလုံးရာသီအကုန်မှာ လက်စတာအသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ တိုက်စစ်မှူး ဗာဒီက ဧပြီလ ၂၄ ရက်မှာ အတည်ပြုခဲ့ပါတယ်။ အသက် ၃၈ နှစ်အရွယ် ဗာဒီဟာ ၂၀၁၂ ခုနှစ်မှာ ဖလိဒ်ဝုဒ်တောင်း အသင်းကနေ လက်စတာကို ရောက်ရှိလာခဲ့ပြီးနောက် လက်စတာအသင်းနဲ့အတူ အောင်မြင်တဲ့ ကစားသမားဘဝ ကို ဖြတ်သန်းနိုင်ခဲ့ပါတယ်။

လက်စတာအသင်း သမိုင်းတစ်လျှောက် တစ်ကြိမ်တည်းသော ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရခဲ့တဲ့ ၂၀၁၅-၂၀၁၆ ဘောလုံးရာသီမှာ ဗာဒီက သွင်းဂိုး ၂၄ ဂိုးအထိ သွင်းယူပေးနိုင်ခဲ့တာ ဖြစ်ပါ တယ်။ လက်စတာအသင်း ပရီးမီးယားလိဂ်ချန်ပီယံဆုရပြီးနောက် အဓိက ကစားသမားအများစု အသင်းကို စွန့်ခွာသွားခဲ့ကြပေမယ့် ဗာဒီကတော့ အသင်းမှာ ဆက်ရှိနေခဲ့သလို အသင်းတန်းဆင်းရချိန်တွေမှာလည်း အသင်း နဲ့အတူ ရုန်းကန်ပေးခဲ့တာဖြစ်ပါတယ်။

လက်စတာအသင်းနဲ့ ၁၃ နှစ်ကြာ လက်တွဲခဲ့ပြီးနောက် အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလို လက်စတာအသင်းက သူ့နှလုံးသားထဲမှာ အမြဲရှိနေမှာပါလို့ ဗာဒီက ပြောပါတယ်။ လက်စတာအသင်းနဲ့ လမ်းခွဲမှာဖြစ်ပေမယ့် ကစားသမားဘဝကနေ အနားယူဦးမှာတော့ မဟုတ်သေးဘူးလို့လည်း ဗာဒီက ပြောသွားခဲ့ပါတယ်။