လီဗာပူးအသင်းနဲ့ စပိန်လက်ရွေးစင် ဂိုးသမားဟောင်း ပီပီ ရေနာဟာ အခုရာသီအကုန်မှာ ကစားသမားဘဝကနေ အနားယူတော့မှာဖြစ်တယ်လို့ အတည်ပြုသွားခဲ့ပါတယ်။ အသက် ၄၂ နှစ်အရွယ် ရေနာဟာ လက်ရှိမှာ စီးရီးအေ ကလပ် ကိုမိုအသင်းနဲ့အတူ ကစားနေတာဖြစ်ပြီး အခုရာသီ စီးရီးအေ ရာသီပိတ်ပွဲဖြစ်တဲ့ အင်တာမီလန်အသင်းနဲ့ ပွဲက ရေနာရဲ့ ကစားသမားဘဝ နောက်ဆုံးပါဝင်တဲ့ပွဲ ဖြစ်လာမှာပါ။

၂၀၀၀ ပြည့်နှစ်မှာ ဘာစီလိုနာအသင်းကြီးနဲ့ အတူ ပရိုကစားသမားဘဝကို စတင်ခဲ့တဲ့ ရေနာဟာ ကစားသမားဘဝတစ်လျှောက် ဥရောပထိပ်တန်း ကလပ် အသင်း အတော်များများမှာ ကစားခဲ့သူ ဖြစ်ပါတယ်။ သူ့ရဲ့ ပရိုကစားသမားဘဝ အသင်းတစ်သင်းနဲ့အတူ အကြာ ဆုံးကစားမှုအဖြစ် လီဗာပူးအသင်းမှာ ၂၀၀၅ ခုနှစ်ကနေ ၂၀၁၄ ခုနှစ်အထိ ၉ နှစ်ကြာ ကစားပေးခဲ့ပါတယ်။ ရေနာ ဟာ ကိုမိုအသင်းကို အခုဘောလုံးရာသီ အစမှာ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီရာသီ အသင်းအတွက် ပြိုင်ပွဲစုံ ၁၂ ပွဲ ပါဝင်ကစားပေးထားခဲ့တာ ဖြစ်ပါတယ်။

ရေနာဟာ ကစားသမားဘဝ အောင်မြင်မှုတွေအဖြစ် ဗီလာရီးရဲလ်အသင်း နဲ့ UEFA အင်တာတိုတိုဖလားကို ၂ ကြိမ်ရရှိခဲ့သလို လီဗာပူးအသင်းနဲ့လည်း အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ဥရောပ စူပါဖလားတို့ကို ရယူထားနိုင်ခဲ့တာဖြစ်ပြီး စပိန်အသင်းနဲ့လည်း ၂၀၁၀ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ကို ရယူနိုင်ခဲ့ပါတယ်။