အခုတစ်ပတ်ကစားမယ့် စီးရီးအေရာသီပိတ်ပွဲတွေကို နာပိုလီနည်းပြ ကွန်တီနဲ့ အင်တာမီလန်နည်းပြ အင်ဇာဂီ တို့ဟာ ပွဲပယ်ပြစ်ဒဏ်တွေကြောင့် ကွင်းအတွင်း ကြီးကြပ်ခွင့် ရမှာမဟုတ်ဘူးလို့ သိရပါတယ်။

နာပိုလီနဲ့ အင်တာ မီလန်အသင်းတို့ဟာ အခုရာသီ စီးရီးအေချန်ပီယံဆုအတွက် အကြိတ်အနယ်ဖြစ်နေပြီး လက်ရှိမှာ နာပိုလီအသင်း က ၁ မှတ်အသာနဲ့ အမှတ်ပေးဇယားကို ဦးဆောင်နေတာ ဖြစ်ပါတယ်။ နာပိုလီအသင်းက အခုတစ်ပတ် ရာသီ ပိတ်ပွဲအဖြစ် အိမ်ကွင်းမှာ ကက်ဂလီယာရီအသင်းကို လက်ခံကစားရမှာဖြစ်ပြီး နည်းပြကွန်တီကတော့ ပြီးခဲ့တဲ့ တစ်ပတ်က ပါးမားအသင်းနဲ့ဂိုးမရှိသရေကျတဲ့ပွဲမှာ အနီကတ် ပြခံခဲ့ရတဲ့အတွက် ပွဲပယ်ပြစ်ဒဏ် ကျခံရမှာ ဖြစ်ပါ တယ်။

အင်တာမီလန်နည်းပြ အင်ဇာဂီကလည်း ပြီးခဲ့တဲ့တစ်ပတ်က ကစားခဲ့တဲ့ လာဇီယိုအသင်းနဲ့ ၂ ဂိုးစီ သရေကျတဲ့ပွဲမှာ အနီကတ်ပြ အထုတ်ခံခဲ့ရတာဖြစ်ပြီး အခုတစ်ပတ်ကစားမယ့် ကိုမိုအသင်းနဲ့ အဝေးကွင်းပွဲကို တာဝန်ယူခွင့်ရမှာ မဟုတ်ဘူးလို့ စီးရီးအေက ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အခုတစ်ပတ် ကစားမယ့် စီးရီးအေရာသီပိတ်ပွဲကို ကွန်တီနဲ့ အင်ဇာဂီတို့အပါအဝင် ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်မယ့် နည်းပြ ၅ ယောက် အထိ ရှိနေတာဖြစ်ပြီး ပါးမားနည်းပြ ချီဗူးကတော့ ပွဲပယ်ပြစ်ဒဏ်အပြင် ဒဏ်ကြေး ယူရို ၅၀၀၀ ကိုပါ ပေးဆောင် ရမှာ ဖြစ်တယ်လို့ သိရပါတယ်။