မန်ယူအသင်းဟာ ဘောလုံးရာသီအကုန်မှာ ကျင်းပလေ့ရှိတဲ့ တစ်နှစ်တာအကောင်းဆုံး ဆုပေးပွဲနဲ့ ညစာစားပွဲကို အခုရာသီအကုန်မှာ ကျင်းပမှာမဟုတ်ဘူးလို့ သိရပါတယ်။ မန်ယူအသင်းအနေနဲ့ အခုလို ဆုပေးပွဲနဲ့ ညစာစားပွဲကို ၂ ရာသီဆက်တိုက် ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။ ရာသီအကုန်မှာ ကျင်းပလေ့ရှိတဲ့ ဆုပေးပွဲမှာ မန်ယူ အမျိုးသားအသင်း၊ အမျိုးသမီးအသင်းနဲ့ လူငယ်အသင်းတွေက တစ်နှစ်တာ အကောင်းဆုံးကစားသမားတွေကို ရွေးချယ်ပြီး ဆုတွေ ပေးအပ်တာဖြစ်ပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီက မန်ယူအသင်းဟာ အက်ဖ်အေဖလား ရခဲ့ပေ မဲ့ ပရီးမီးယားလိဂ်မှာ အဆင့်-၈ နေရာသာ ရခဲ့လို့ ဆုပေးပွဲကို ဖျက်သိမ်းခဲ့တာဖြစ်ပြီး အခုနှစ်မှာလည်း အသင်းက ပရီးမီးယားလိဂ်မှာ အသင်းသမိုင်းတစ်လျှောက် အနိမ့်ဆုံးရပ်တည်မှုနဲ့ အဆုံးသတ်ရဖို့ များနေတာပါ။ ဒါ့အပြင် မန်ယူအသင်းဟာ လာမယ့်မေလ ၂၁ ရက် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ စပါးအသင်းကို အနိုင်ရခဲ့ပြီး ချန်ပီယံဆုရခဲ့မယ် ဆိုရင်တောင် အောင်ပွဲခံအခမ်းအနား ပြုလုပ်မှာမဟုတ်ဘဲ ဗိုလ်လုပွဲအပြီးနောက်တစ်ရက် အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းမှာ အသားကင်ပြုလုပ်ပြီး စားဖို့သာ စီစဉ်ထားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နှစ်က ဆုပေးပွဲ ပြုလုပ်တာ မရှိခဲ့ပေမယ့် ကစားသမားရွေးချယ်မှုကိုတော့ ပြုလုပ်ခဲ့ပြီး မန်ယူအသင်းခေါင်းဆောင် ဖာနန်ဒက်စ်နဲ့ အမျိုးသမီးအသင်း ကွင်းလယ်တိုက်စစ်ကစားသမား အယ်လာသွန်းတို့က အကောင်းဆုံးကစားသမားတွေအဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။ အခုနှစ်မှာလည်း အကောင်းဆုံး ကစားသမားဆုတွေနဲ့ အကောင်းဆုံးသွင်းဂိုး ဆုတွေကို ရွေးချယ်မှာဖြစ်ပြီး အရွေးချယ်ခံရတဲ့သူတွေကိုတော့ အသင်းရဲ့ ရာသီပိတ် အိမ်ကွင်းနောက်ဆုံးပွဲအဖြစ် မေလ ၂၅ ရက်မှာ ကစားမယ့် ဗီလာအသင်းနဲ့ပွဲမတိုင်ခင်မှာ ဆုပေးအပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။