ဒူးဒဏ်ရာရခဲ့တဲ့ စပါးကွင်းလယ်ကစားသမား မက်ဒီဆင်ဟာ ရာသီကုန်အထိ အနားယူရဖွယ်ရှိနေတယ်လို့ သိရပါတယ်။ အသက် ၂၈ နှစ်အရွယ် မက်ဒီဆင်ဟာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က ကစားခဲ့တဲ့ ဘိုဒိုဂလင့်အသင်းနဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် ဒူးဒဏ်ရာ ရရှိခဲ့တာဖြစ်ပါတယ်။

ပွဲအပြီးမှာ စပါးနည်းပြ အန်ဂျီက မက်ဒီဆင်ရဲ့ဒဏ်ရာက မပြင်းထန်ဖို့ ဆုတောင်းတယ်လို့ ပြောကြားခဲ့ပေမယ့် အသေးစိတ်စစ်ဆေးမှုတွေ ထပ်မံ ပြုလုပ်အပြီးမှာတော့ ဒဏ်ရာက မျှော်လင့်တာထက် ပိုမိုဆိုးရွားခဲ့တယ်လို့ သိခဲ့ရတာပါ။ မက်ဒီဆင်ဟာ ဒူးအရွတ် ကို ထိခိုက်မိခဲ့တာဖြစ်ပြီး ဒဏ်ရာအခြေအနေ အသေးစိတ်ကိုတော့ လာမယ့်ရက်ပိုင်း စောင့်ကြည့်ပြီးမှ အတိအကျ သိရမှာဖြစ်တယ်လို့ ဆိုပါတယ်။ မက်ဒီဆင်ရဲ့ ဒဏ်ရာသတင်းက မေလ ၈ ရက်မှာ ဘိုဒိုအိမ်ကွင်းကို သွားရောက်ပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲ ကစားရမယ့် စပါးအသင်းအတွက် ထိုးနှက်ချက်လည်း ဖြစ်ခဲ့ပါတယ်။

နည်းပြ အန်ဂျီကတော့ မက်ဒီဆင်မပါနိုင်တာက အသင်းကို အနည်းငယ် အားနည်းသွားစေနိုင်ပေမယ့် အသင်းမှာ ရှိတဲ့ ကစားသမားတွေဟာ မက်ဒီဆင်ရဲ့ ကွက်လပ်ကို ဖြည့်ပေးနိုင်မယ်လို့ ယုံကြည်ကြောင်း ပြောကြားထားပါ တယ်။ မက်ဒီဆင်ဟာ အခုရာသီ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၄၅ ပွဲမှာ ၁၂ ဂိုးသွင်းပြီး ၁၁ ဂိုး ဖန်တီးပေးထားခဲ့သူ ဖြစ်ပါတယ်။