မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်ခင်မှာပဲ လိုင်ယွန်အသင်းရဲ့ လူငယ်ကြယ်ပွင့် ရာယန်ချာကီး ကို ပေါင် ၃၀ ဒသမ ၄ သန်းနဲ့ ခေါ်ယူလိုက်ပါတယ်။ အသက် ၂၁ နှစ်အရွယ် ချာကီးဟာ မန်စီးတီးအသင်းနဲ့ ၅ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး ဇွန်လ ၁၄ ရက်မှာစတင်မယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မန်စီးတီးနဲ့အတူ ကစားခွင့် ရမှာ ဖြစ်ပါတယ်။

အသက် ၁၆ နှစ်အရွယ် ၂၀၁၉ အောက်တိုဘာမှာ လိုင်ယွန်အသင်းအတွက် စတင်ကစားခွင့် ရခဲ့ တဲ့ ချာကီးဟာ ပြင်သစ်ကလပ်အတွက် ၁၈၅ ပွဲမှာ ၂၉ ဂိုး သွင်းယူပြီး ဂိုးဖန်တီးမှု ၄၅ ကြိမ်အထိ လုပ်ပေးနိုင်ခဲ့သူ ဖြစ်ပါတယ်။ မန်စီးတီးလိုအသင်းနဲ့ ပူးပေါင်းခွင့်ရတာက ကြီးမားတဲ့အခွင့်အရေးဖြစ်သလို ကမ္ဘာကျော် ကစား သမားတွေနဲ့ နည်းပြ ဂွါဒီယိုလာတို့ရဲ့ သင်ကြားမှုအောက်မှာ ကစားသမားဘဝ တစ်ဆင့်တက်လာဖို့ မျှော်လင့် ထားတယ်လို့ မန်စီးတီးကစားသမားသစ် ချာကီးက ပြောသွားပါတယ်။ ချာကီးဟာ မန်စီးတီးအသင်းအတွက် ၂ ရက်အတွင်း တတိယမြောက်ခေါ်ယူတဲ့ ကစားသမားသစ်လည်း ဖြစ်ပါတယ်။

မန်စီးတီးအသင်းဟာ တနင်္လာနေ့မှာ ဘယ်နောက်ခံလူ အိန့်နော်ရီကို ခေါ်ယူထားသလို အင်္ဂါနေ့ အစောပိုင်းမှာလည်း တတိယ ဂိုးသမားနေရာအတွက် ချဲလ်ဆီးအသင်းဂိုးသမား ဘက်တီနယ်လီကို ခေါ်ယူထားတာဖြစ်ပါတယ်။ ပြီခဲ့တဲ့ ပဲရစ်အိုလံပစ်မှာ ပြင်သစ် အသင်းနဲ့အတူ ဒုတိယ ငွေတံဆိပ်ဆုရခဲ့တဲ့ ချာကီးဟာ အနာဂတ်မှာ တောက်ပလာနိုင်တဲ့ ကွင်းလယ်လူတွေထဲက တစ်ယောက်အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။