စပါးအသင်းရဲ့ အားထားရတဲ့ တောင်ပံတိုက်စစ်မှူး ကူလူဆက်ဗ်စကီးဟာ ဒူးဒဏ်ရာကြောင့် မေလ ၂၁ ရက်မှာ ကစားရမယ့် မန်ယူအသင်းနဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို လွဲချော် ရတော့မှာဖြစ်ပါတယ်။ ဆွီဒင်လက်ရွေးစင် ကူလူ ဆက်ဗ်စကီးဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ပဲလေ့စ်အသင်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒူးဒဏ်ရာရခဲ့တာဖြစ်ပြီး ၁၉ မိနစ်မှာပဲ လူစားလဲလိုက်ရတာ ဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ် ကူလူဆက်ဗ်စကီးရဲ့ ဒူးဒဏ်ရာက ခွဲစိတ်ဖို့ လိုအပ်ခဲ့ တာကြောင့် ခွဲစိတ်မှု ပြုလုပ်ခဲ့ရပြီး ရာသီကုန်အထိ အနားယူရတော့မှာ ဖြစ်ပါတယ်။ ကူလူဆက်ဗ်စကီးဟာ အခုရာသီမှာ စပါးအသင်းအတွက် ပြိုင်ပွဲစုံ ပွဲ ၅၀ ကစားပေးထားပြီး ၁၀ ဂိုးသွင်းကာ ၁၁ ဂိုး ဖန်တီးပေးထားသူ ဖြစ်ပါတယ်။ ကူလူဆက်ဗ်စကီးရဲ့ ညာဘက်ဒူးဒဏ်ရာကို ဗုဒ္ဓဟူးနေ့က ခွဲစိတ်ကုသမှုပြုလုပ်ခဲ့ပြီး အခုချိန်မှာ ဒဏ်ရာကနေ အမြန်ဆုံး သက်သာလာဖို့ မျှော်လင့်ထားပါတယ်လို့ စပါးအသင်းရဲ့ ကြေညာချက်မှာ ရေးသားထား ပါတယ်။

စပါးအသင်းဟာ လာမယ့် ယူရိုပါလိဂ် ဗိုလ်လုပွဲမတိုင်မီ အသင်းရဲ့ အဓိက ကစားသမားအချို့ ဒဏ်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ကွင်းလယ်လူ မက်ဒီဆင်နဲ့ လူငယ်ကွင်းလယ်ကစားသမား ဘာ့ချ်ဗေးလ်တို့လည်း ဒဏ်ရာတွေကြောင့် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ ပါဝင်နိုင်မှာမဟုတ်ဘူးလို့ သိရပါတယ်။ စပါးအသင်းဟာ ၂၀၀၈ မှာ လိဂ်ဖလား ရယူပြီးနောက်ပိုင်း ၁၇ နှစ်ကြာ ဆုဖလားလက်မဲ့ဖြစ်နေမှုကို အခုနှစ်မှာ ယူရိုပါလိဂ် ဖလားရယူပြီး အဆုံးသတ်ဖို့ မျှော်လင့်နေတာလည်း ဖြစ်ပါတယ်။