မန်စီးတီးအသင်းမှာ အောင်မြင်မှုရမယ်ဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ အသင်းကို ရောက်လာခဲ့တာဖြစ်တယ်လို့ မန်စီးတီးတိုက်စစ်မှူးသစ် မာမွတ်ရှ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အီဂျစ်တိုက်စစ်မှူး မာမွတ်ရှ်ဟာ ပြောင်းရွှေ့ကြေး ပေါင် ၅၉ သန်းနဲ့ ဖရန့်ဖတ်အသင်းကနေ ရောက်လာခဲ့တာဖြစ်ပြီး မန်စီးတီးအသင်း နဲ့ ၂၀၂၉ ဇွန်လအထိ စာချုပ်ချုပ်ဆိုခဲ့တာပါ။

မန်စီးတီးက အသင်းကြီးတစ်သင်းဖြစ်သလို ဆယ်စုနှစ်အတွင်းမှာ အောင်မြင်ခဲ့တဲ့ ကလပ်ဖြစ်ခဲ့တာကြောင့် သိပ်အများကြီး စဉ်းစားစရာမလိုခဲ့ပါဘူးလို့ အသင်းသစ်နဲ့ အင်တာဗျူးမှာ မာမွတ်ရှ်က ပြောသွားခဲ့ပါတယ်။ မာမွတ်ရှ်ဟာ တိုက်စစ်မှူးနေရာမှာသာမက နောက်ချန် တိုက်စစ်မှူးနဲ့ တောင်ပံ တွေမှာ ကစားနိုင်သူဖြစ်လို့ အသင်းအတွက် ကောင်းမွန်တဲ့ခေါ်ယူမှုတစ်ခုပါလို့လည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာ က ပြောပါတယ်။

မာမွတ်ရှ်ဟာ အခုရာသီ ဘွန်ဒက်စ်လီဂါ ၁၇ ပွဲမှာ ဖရန့်ဖတ် အသင်းအတွက် ၁၅ ဂိုး သွင်းယူ ပေးထားပြီး ဘွန်ဒက်စ်လီဂါ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ဘိုင်ယန် တိုက်စစ်မှူး ဟယ်ရီကိန်းရဲ့ နောက် ဒုတိယနေရာမှာ ရပ်တည်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ မန်စီးတီးအသင်းဟာ အခုဇန်နဝါရီ အပြောင်းအရွှေ့ မှာ နောက်ခံလူတွေဖြစ်ကြတဲ့ ခူဆာနော့ဗ်၊ ဗစ်တာရီးစ်တို့အပြင် မာမွတ်ရှ်ကို ခေါ်ယူထားခဲ့တာဖြစ်ပါတယ်။