လူငယ်ကြယ်ပွင့်ကစားသမား ယာမယ်ကို ၂၀၃၁ အထိ သက်တမ်းရှိတဲ့ ၆ နှစ်စာချုပ်သစ်ကို ချုပ်ဆိုလိုက် တယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုလိုက်ပါတယ်။ အသက် ၁၇ နှစ်အရွယ် စပိန်တောင်ပံတိုက်စစ်မှူး ယာမယ်ရဲ့ လက်ရှိစာချုပ်က ၂၀၂၆ ဇွန်လအထိ သက်တမ်းရှိသေးတာဖြစ်ပေမယ့် ခြေစွမ်းကောင်းတွေ ပြသနေတာကြောင့် အခုလိုမျိုး ကာလရှည်စာချုပ်သစ်ကို ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ ယာမယ်ဟာ အသက် ၁၅ နှစ်အရွယ် ၂၀၂၃ မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီးနောက် ခြေစွမ်းတိုးတက်လာသလို အခုရာသီ အသင်းရဲ့ ဆုဖလား ၃ လုံး ရယူနိုင်မှုမှာ ယာမယ်ရဲ့ ခြေစွမ်းက အဓိကကျခဲ့တာပါ။

မေလ ၂၇ ရက်မှာ ယာမယ်ဟာ အသင်း ဥက္ကဋ္ဌ လာပေါ်တာနဲ့ အားကစားဒါရိုက်တာ ဒေကိုတို့ရှေ့မှာပဲ စာချုပ်သစ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်လို့ ဘာစီလိုနာအသင်းကြေညာချက်မှာ ရေးသားထားပါတယ်။ ယာမယ်ဟာ ဘာစီလိုနာအသင်းအတွက် ၁၁၅ ပွဲမှာ ၂၅ ဂိုးအထိ သွင်းယူပေးထားနိုင်ပြီး အသင်းသမိုင်းတစ်လျှောက် ပွဲ ၁၀၀ ပြည့်တဲ့ အသက်အငယ်ဆုံး ကစားသမား အဖြစ်လည်း မှတ်တမ်းဝင်ထားပါတယ်။ ဒါ့ကြောင့် ဘာစီလိုနာအသင်းက ယာမယ်ကို မက်ဆီရဲ့နေရာ ဆက်ခံနိုင် မယ့်သူလို့ ရည်ညွှန်းထားပြီး လာမယ့်ရာသီမှာ မက်ဆီဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၀ ကိုပါ ပေးအပ်သွားဖွယ် ရှိနေ ပါ တယ်။ ယာမယ်ဟာ စပိန်လက်ရွေးစင်အသင်းအတွက်လည်း ၁၉ ပွဲပါဝင် ကစားပေးထားပြီး စပိန်အသင်းနဲ့ ယူရို ၂၀၂၄ ချန်ပီယံဆုကို ရယူနိုင်ခဲ့ပါတယ်။