မန်ချက်စတာယူနိုက်အသင်းနဲ့ပွဲမှာ အာဆီယံ All Star အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူ ပေးခဲ့တဲ့ မြန်မာ့လက်ရွေးစင်ကွင်းလယ်ကစားသမားမောင်မောင်လွင်ကို မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင်အဖွဲ့က ကျပ်သိန်း တစ်ထောင်နဲ့ အမှတ် တရ ဆုချီးမြှင့်ခဲ့တယ်လို့ MFF ကနေ သိရပါတယ်။

မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှာ အခုလို ချီးမြှင့်ခဲ့တာလို့ ဆိုပါတယ်။မောင်မောင်လွင်ဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ကစားတဲ့ အာဆီယံ All Starအသင်းမှာ မြန်မာအသင်း ကိုယ်စားပြု တစ်ဦးတည်းသောကစားသမားအဖြစ် ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ပွဲကစားချိန် ဒုတိယပိုင်းမှသာ လူစားဝင်ကစားခဲ့ရတာ ဖြစ်ပေမဲ့ ပွဲချိန် ၇၁ မိနစ်မှာ တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တာပါ။အခမ်းအနားကို တက်ရောက်လာတဲ့ မောင်မောင်လွင်ကို MFF ဥက္ကဋ္ဌ ဦးဇော်ဇော်နဲ့ အလုပ်အမှုဆောင် အဖွဲ့ဝင် တွေက လက်ခုပ်တီး ဂုဏ်ပြုကြိုဆိုခဲ့တာကိုလည်း တွေ့ရပါတယ်။မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်(MFF )အလုပ်အမှုဆောင်အဖွဲ့အစည်းအဝေးမှာ ၃၃ ကြိမ်မြောက် ဆီးဂိမ်းစ်ပြိုင်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မဲ့ မြန်မာယူ-၂၂ အမျိုးသားဘောလုံးအသင်း၊ မြန်မာ့လက်ရွေးစင် အမျိုးသမီး ဘောလုံးအသင်း၊ အမျိုးသားနဲ့ အမျိုးသမီးဖူဆယ်အသင်းတွေ အောင်မြင်ရေး ကြိုတင်ပြင်ဆင်မှုအခြေအနေ၊ မြန်မာ့လက်ရွေးစင် အမျိုးသားနဲ့ အမျိုးသမီးအသင်းတွေ၊ သက်တမ်းအလိုက်အသင်းတွေနဲ့ ဖူဆယ်အသင်းတွေ အားလုံး အာရှနဲ့ အာဆီယံပြိုင်ပွဲတွေအတွက် ရည်မှန်းချက်နဲ့ ပြင်ဆင်မှုတွေကို သုံးသပ်ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့အပြင် ငလျင်ဘေးကြောင့်ပျက်စီးခဲ့တဲ့ မြန်မာဘောလုံးအကယ်ဒမီ(မန္တလေး) ရှင်းလင်းရေး၊ ပြန်လည် တည်ဆောက်ရေးနဲ့ ၂၀၂၅ ပညာသင်နှစ်အတွက် ယာယီအဆောက်အဦနဲ့ သင်ကြားဖို့ စီစဉ်နေမှု၊ ကစားကွင်းသစ် တွေနဲ့ လေ့ကျင့်ရေးစင်တာတွေ ဖော်ထုတ်မှု၊ FIFA Football for Schools အစီအစဉ် အကောင်အထည်ဖော်မှု၊ ဆီးဂိမ်းစ်အပါအဝင် နိုင်ငံတကာပွဲတွေ ရုပ်သံထုတ်လွှင့်မှု၊ ဒေသအလိုက်ဘောလုံးလေ့ကျင့်ရေးစင်တာတွေ ဖွင့်လှစ်ရေး၊ ယူ-၁၅ လိဂ်နဲ့ လူငယ်ပြိုင်ပွဲတွေ ပိုမိုအဆင့်မြှင့်တင်ရေး စတာတွေကို ကိုယ်စားလှယ်အသီးသီးက ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။