တားမြစ်ဆေးသုံးစွဲကြောင်း စစ်ဆေးတွေ့ရှိခဲ့တဲ့အတွက် ယာယီပွဲကစားခွင့် ပိတ်ခံထားရတဲ့ ချဲလ်ဆီး တောင်ပံ တိုက်စစ်မှူး မူဒရစ်ခ်ကို ဇွန်လ ၁၈ ရက်က စွဲချက်တင်လိုက်တယ်လို့ အက်ဖ်အေက အတည်ပြုလိုက်ပါတယ်။ အသက် ၂၄ နှစ်အရွယ် ယူကရိန်းလက်ရွေးစင်မူဒရစ်ခ်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလထဲက ပွဲကစားခွင့် ယာယီ ပိတ်ခံထားရတာဖြစ်ပြီး နိုဝင်ဘာ ၂၈ ရက်နောက်ပိုင်းမှာ ချဲလ်ဆီးအသင်းနဲ့အတူ ကစားခွင့် မရတော့သလို လေ့ကျင့်ခန်းလည်း ဆင်းခွင့် မရခဲ့တာပါ။

ဒါပေမဲ့ ချဲလ်ဆီးအသင်းဘက်ကတော့ မူဒရစ်ခ်ကို အပြည့်အဝ ထောက်ခံအားပေးသွားမှာဖြစ်တယ်လို့ ပြောကြားထားပါတယ်။ အက်ဖ်အေဘက်က စွဲချက်တင်လိုက်ပြီဖြစ်လို့ မူဒရစ်ခ်အနေနဲ့ အပြစ်ရှိခဲ့မယ်ဆိုရင် အမြင့်ဆုံး ၄ နှစ်အထိ ပွဲပယ်ပြစ်ဒဏ် ချမှတ်ခံရဖွယ် ရှိနေတာဖြစ်ပါတယ်။ အက်ဖ်အေရဲ့ စည်းကမ်းချက်တွေထဲမှာ တားမြစ်ဆေးကျရှုံးခဲ့တဲ့ ကစားသမားအနေနဲ့ နောက်ထပ် အခွင့်အရေး အဖြစ် နောက်တစ်ကြိမ် ဆေးစစ်ခွင့်ကို ထပ်မံတောင်းဆိုနိုင်ပြီး နောက်တစ်ကြိမ် ဆေးစစ်ချက်မှာ ထပ်မံကျရှုံးခဲ့ မယ်ဆိုရင်တော့ စွဲချက်က အတည်ဖြစ်လိမ့်မယ်လို့ ပါရှိထားပါတယ်။

မူဒရစ်ခ်ဘက်ကတော့ တားမြစ်ဆေးသုံးစွဲ မှုကို ငြင်းဆိုထားပြီး ဆေးစစ်ချက် ကျခဲ့တဲ့အတွက် အံ့အားသင့်မိတယ်လို့ ပြောထားပါတယ်။ လက်ရှိမှာ ယာယီ ပွဲပယ်ခံထားရတဲ့ မူဒရစ်ခ်ရဲ့ကျောနံပါတ် ၁၀ ကို ကွင်းလယ်လူ ပယ်လ်မာက ပြောင်းလဲဝတ်ဆင်မှာ ဖြစ်တယ်လို့ ချဲလ်ဆီးအသင်း ကြေညာထားပါတယ်။ မူဒရစ်ခ်ဟာ ၂၀၂၃ မှာ ရှက်တာဒိုးနက်စ်အသင်းကနေ ချဲလ်ဆီးကို ပေါင် ၈၉ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။