အခုနွေရာသီမှာ ရီးရဲလ်အသင်းကနေ ထွက်လာခဲ့ပြီးနောက် ကလပ်လက်မဲ့ဖြစ်နေတဲ့ ကွင်းလယ်ကစားသမား မိုဒရစ်ကို ခေါ်ယူဖို့အတွက် အေစီမီလန်အသင်း ကြိုးစားနေတယ်လို့ သတင်းတွေကဖော်ပြနေကြပါတယ်။

အသက် ၄၀ အရွယ်မိုဒရစ်ဟာ ရီးရဲလ်အသင်းနဲ့ ၁၃ နှစ်ကြာလက်တွဲမှုကို အခုနွေရာသီမှာ အဆုံးသတ်ခဲ့ပေမယ့် ဥရောပထိပ်တန်းအမှတ်ပေးပြိုင်ပွဲတွေမှာ ဆက်ကစားဖို့ကို ဆန္ဒရှိနေတာဖြစ်ပါတယ်။ လက်ရှိမှာ မိုဒရစ်ကို ခေါ်ယူဖို့အတွက် အယ်နာဆာအသင်းနဲ့ အင်တာမိုင်ယာမီအသင်းတို့က ချိတ်ဆက်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ အီတလီနာမည်ကြီး အပြောင်းအရွှေ့အေးဂျင့် ရိုမာနိုရဲ့ သတင်းပေးချက်အရ အေစီမီလန် အားကစားဒါရိုက်တာသစ် တာရီဟာ မိုဒရစ်ကို ခေါ်ယူနိုင်ဖို့အတွက် မေးမြန်းမှုတွေ ပြုလုပ်နေတယ်လို့ ဆိုပါတယ်။

မိုဒရစ်ဟာ သူ့ရဲ့ ပရိုကစားသမားဘဝအစကို ခရိုအေးရှားမှာဖြတ်သန်းခဲ့ပြီးနောက် ၂၀၀၈ မှာ စပါး အသင်းကို ရောက်လာခဲ့သလို ၂၀၁၂ မှာ မက်ဒရစ်ကို ပြောင်းရွှေ့လာခဲတာဖြစ်လို့ စီးရီးအေပြိုင်ပွဲက သူ့အတွက် အတွေ့အကြုံသစ်တစ်ခုဖြစ်လာမှာပါ။အေစီမီလန်အသင်းရဲ့ ဘောလုံးဒါရိုက်တာဟောင်းဖြစ်သလို ခရိုအေးရှား လက်ရွေးစင်ဟောင်းလည်းဖြစ်တဲ့ ဘိုဘန်ကတော့ ဆန်စီရိုကွင်းအတွင်းမှာ ကစားရဖို့က မိုဒရစ်ရဲ့ ငယ်ဘဝ အိပ်မက်တစ်ခုဖြစ်တာကြောင့် အေစီမီလန်ကို မိုဒရစ်ရောက်ဖွယ်ရှိတယ်လို့ ပြောကြား ထားပါတယ်။