ဆော်ဒီပရိုလိဂ်ကလပ် အယ်ဟီလယ်အသင်းဘက်က ကမ်းလှမ်းတဲ့ မြင့်မားတဲ့လုပ်ခလစာနဲ့ ကမ်းလှမ်းမှုကို ပယ်ချ လိုက်ပြီး မန်ယူအသင်းမှာပဲ ဆက်ရှိနေမယ်လို့ ကွင်းလယ်လူ ဖာနန်ဒက်စ်က အတည်ပြုခဲ့ပါတယ်။

အယ်ဟီလယ် အသင်းဟာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ဖာနန်ဒက်စ်ကို ခေါ်ယူနိုင်ဖို့အတွက် မြင့်မားတဲ့ လုပ်ခလစာနဲ့ ဆွဲဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ မိသားစုနဲ့ဆွေးနွေးခဲ့သလို မန်ယူအသင်းဘက်ကလည်း ငွေကြေးအတွက်နဲ့ ဖာနန်ဒက်စ်ကိုရောင်းချမှာ မဟုတ်ဘူးလို့ အကြောင်းကြားလာခဲ့ပြီးနောက် ဆော်ဒီကလပ်ရဲ့ ကမ်းလှမ်းမှုကို ငြင်းဆိုဖို့ ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဖာနန်ဒက်စ်က ပြောပါတယ်။ မန်ယူအသင်းဟာ ဖာနန်ဒက်စ်အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ ကနေ သန်း ၁၀၀ လောက်အထိ ရမှာဖြစ်ပေမယ့် အသင်းရဲ့ဘဏ္ဍာရေး အခြေ အနေက ဖာနန်ဒက်စ်ကို ရောင်းချရလောက်တဲ့အထိ မရှိသေးဘူးလို့ ကစားသမားဆီကို အသိပေးခဲ့တာ ဖြစ်ပါ တယ်။

မန်ယူအသင်းနဲ့ ဖာနန်ဒက်စ်တို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းက ၂၀၂၇ အထိ ရှိနေပြီး ဖာနန်ဒက်စ် ကိုယ်တိုင်ကလည်း ဥရောပမှာပဲ ဆက်ကစားဖို့ကို ဆန္ဒရှိနေတဲ့အတွက် အခုလိုမျိုး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း ဖာနန်ဒက်စ်ရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေက လှုပ်ခတ်နေခဲ့ပြီး မန်ယူနည်းပြ အမ်မိုရင်ကတော့ အသင်းအနေနဲ့ ဖာနန်ဒက်စ်ကို ဆက်ထိန်းထားဖို့ ဆန္ဒရှိသလို ဖာနန်ဒက်စ်ကလည်း အသင်းမှာ ဆက်ရှိနေမယ်ဆိုတာ ယုံကြည်တယ်လို့ အစောပိုင်းကတည်းက ပြောထားပါတယ်။ ဖာနန်ဒက်စ်ကို ခေါ်ယူမှု လက်လွှတ်ခဲ့ရပြီးနောက် အယ်ဟီလယ်အသင်းဟာ စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို ခေါ်ယူဖို့အတွက် ပစ်မှတ်ထားနေတယ်လို့လည်း သတင်းတွေက ဖော်ပြခဲ့ကြပါတယ်။